
MT News
၁၄. ၁၁. ၂၀၂၅
အမျိုးသားငါးဦးလိုက်ပါလာသည့် လက်နက်မဲ့ခရီးသွားယာဉ်တစ်စီးကို PDF များက မင်းတုန်းမြို့နယ်၊ ရေချမ်းစင်အနီး ထပ်မံပြီး ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေမျက်ကျေးရွာနေသူများဖြစ်ကြသည့် ဦးတင်ထွေး၊ မောင်ကျော်ရဲအောင်၊ ကိုချိုဦး၊ မောင်ထော်ကြီး(ခ)အောင်ရဲလင်း(၁၅)နှစ်နှင့် ဘန်းကုန်းကျေးရွာနေ မောင်ချမ်းမြေ့အောင် (ခ)ကိုဖိုးနီတွတ်(၁၇)နှစ်တို့သည် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာမှ သရက်မြို့နယ်သို့ မင်းတုန်း-သရက်ကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးဖြင့် ထွက်ခွာလာစဉ် မင်းတုန်းမြို့နယ်၊ ခုံတိုင်ကျေးရွာအနီး ဒေသအခေါ် ရေချမ်းစင်အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့မှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကြီးနှင့် ရေတိုင်ကီတို့ ကျည်ထိမှန် ပျက်စီးဆုံးရှုံးခဲ့ကာ ယာဉ်ပေါ်ပါလာသူများအနက် မောင်ထော်ကြီး(ခ)အောင်ရဲလင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ချမ်းမြေ့အောင်(ခ)ကိုဖိုးနီတွတ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

သရက်မြို့နယ်တစ်ဝိုက်တွင် သရက် PDF များသောင်းကျန်းနေပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ကလည်း မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရွှေဘုံသာရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၈)နှစ်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နေ ဦးကျော်လွင်(၄၅) နှစ်နှင့်အတူ ရွှေဘုံသာရပ်ကွက်မှ ရန်ကုန်မြို့သို့ သရက်-ကံမကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ပါးပွတ်ကျေးရွာအနီးအရောက်၌ PDF များက မော်တော်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မီးလောင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မော်တော်ယာဉ်မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပေါ် NUG ၏ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် (၄) တပ်ရင်းက သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံသာရဲစခန်းကို နိုဝင်ဘာ ၆ ရက်က ဒုတိယအကြိမ်သိမ်းပိုက်ရာတွင် စစ်တပ်လက်အောက်ခံ ၇ ဦးသေဆုံးသည်ဟု လိမ်လည်ထုတ်ပြန်ခဲ့သော်လည်း ဦးခင်မောင်မြင့်၏ သမီးဖြစ်သူ သုံးစွဲသော Shwe Moepyae အကောင့်က သရက် PDF တို့ လိမ်လည်ထုတ်ပြန်သောသတင်းဖော်ပြသည့် ဒို့ပြေ- Doh Pyay သတင်းဌာနတင်ဆက်သော သတင်းကို မျှဝေကာ သူမဖခင်မှာ သာမန်အရပ်သားဖြစ်ကြောင်း၊ မိုင်းဆွဲပြီး ကားမှောက်သွားချိန် အသက်မသေဘဲ ကားအောက်က ထွက်လာသည့် သူမဖခင်နှင့် မိတ်ဆွေကို သရက် PDF က ပစ်သတ်ပြီး ပါသမျှငွေအကုန်လုယက်ကာ ကားကိုမီးရှို့သွားသဖြင့် ရုပ်ပျက်ဆင်းပျက် အလောင်းပင်ရှုရက်စရာမရှိအောင် သေဆုံးသွားကြောင်း မျှဝေထားသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

