


၁၄.၁၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှုတွေကနေ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ခိုက်မှုတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အောက်တိုဘာလ အတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမယ့် နိုဝင်ဘာလမှာတော့ နှစ်ဖက်အပြန် အလှန်ပြောကြားမှုတွေနဲ့ တင်းမာမှုတွေ မြင့်တက်လာနေတာ တွေ့နေရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်မှာတော့ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက နိုဝင်ဘာ ၁၃ ရက်မှာ ထိုင်းနိုင်ငံနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက်ရှိ ရွာတစ်ရွာမှ လူရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာ ထိုင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး နာတာဖွန်က ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးကို သတိပေးခဲ့တယ်လို့ ပြောကြားပါတယ်။ အရပ်သားတွေနေထိုင်တဲ့နေရာကနေ ကမ္ဘောဒီးယား စစ်သားတွေဟာ ဒီလိုပစ်ခတ်တာမျိုး မလုပ်သင့်ဘူးလို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တီးဆိုင်ဟာကို သူကသတိပေးခဲ့ပြီး တစ်ဖက်ကလည်း မရည်ရွယ်ဘဲ ပစ်ခတ်မိတာလို့ ပြန်ဖြေခဲ့တယ်လို့ဆိုပါတယ်။
ထိုပစ်ခတ်မှုမှာ ကမ္ဘောဒီးယား စစ်သားတွေက ရန်စလိုမှုနဲ့ ထိုင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တယ်လို နာတာဖွန်က ဆိုပါတယ်။ ကမ္ဘောဒီးယားဘက်က ရန်စတဲ့ တိုက်ခိုက်မှုကို ရပ်တန့်ဖို့နဲ့ တပ်ဖွဲ့အင်အားအသုံးပြုဖို့ စည်းမျဉ်းတွေအရ ထိုင်းအချုပ်အခြာ အာဏာကို ကာကွယ်ဖို့ ထိုင်းစစ်သားတွေက သတိပေးပစ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ရတယ်လို့လည်း ဗိုလ်ချုပ်ကြီး နာတာဖွန်က ပြောပါတယ်။
ကမ္ဘောဒီးယားဘက်က ရန်စတဲ့ တိုက်ခိုက်မှုကို ရပ်တန့်ဖို့နဲ့ တပ်ဖွဲ့အင်အားအသုံးပြုဖို့ စည်းမျဉ်းတွေ အရ ထိုင်းအချုပ်အခြာအာဏာကို ကာကွယ်ဖို့ ထိုင်းစစ်သားတွေက သတိပေးပစ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းတပ်မတော် ပထမစစ်ဒေသဌာနချုပ် က နိုဝင်ဘာလ ၁၂ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်မှာ ကမ္ဘောဒီးယား စစ်သားတွေက ဘန်နောင်ရာကွေကျေးရွာရှိ ထိုင်းစစ်သားတွေကို အော်တိုမက်တစ်ရိုင်ဖယ်တွေနဲ့ ကျည်အချက် ၃၀ ခန့် ဆယ်မိနစ်ကြာ ပစ်ခတ်ခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။ ထိုင်းစစ်သားတွေရဲ့ ဘန်ကာတွေမှာ လတ်တလောကျည်ဆံထိမှန်ရာတွေက သက်သေပဲ လို့ ဗိုလ်ချုပ်ကြီး နာတာဖွန်က ဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ် အနျူတင် ချန်ဗီရာကူးလ်က ထိုင်းနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖိ စိတ်ပိုင်းဖြတ်ထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
မကြာသေးမီက ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သားလေးဦး ဒဏ်ရာရရှိခဲ့အပြီးမှာတော့ အမေရိကန်ကထောက်ခံတဲ့ ရန်လိုမှုတွေ လျှော့ချဖို့နှစ်နိုင်ငံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံက အခုအပတ်မှာ ရပ်ဆိုင်းလိုက်ပြန်ပါတယ်။
ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းစစ်တပ်ရဲ့သေနတ်ပစ်ခတ်မှုကြောင့် အသက် ၃၆ နှစ်အရွယ် ကမ္ဘောဒီးယားအမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဝန်ကြီးချုပ် ဟွန်မာနက်တို့က ထိုင်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အသက် ၃၆ နှစ်အရွယ် ဒိုင်နိုင်း၏ မိသားစုအတွက် အလွန်ဝမ်းနည်းကြောင်းး သဝဏ်လွှာတွေပို့ ဖော်ပြခဲ့ကြပါတယ်။
ဒါ့ပြင် ကမ္ဘောဒီးယားအစိုးရက ထိုင်းစစ်တပ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ဘန်တေမိန်းချေးပြည်နယ်၊ အိုချော့ဗ်ခရိုင်၊ အိုဘိုင်ချိုန် အသိုင်းအဝိုင်း၊ ပရေးချန်ရွာမှာ ကမ္ဘောဒီးယား အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့လို့ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ရတဲ့အတွက် ကုလသမဂ္ဂက ထိုပစ်ခတ်မှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပြန်ပါတယ်။
ဒါကြောင့်လည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြတဲ့ အရှေ့တောင်အာရှနှစ်နိုင်ငံအကြား တင်းမာမှုက ထပ်မံပေါက်ကွဲလာလေအုံးမလား စိုးရိမ်ဖွယ်ရာ ဖြစ်နေရပါတယ်။
