




၁၄. ၁၁. ၂၀၂၅
Writer & Photo by NYL
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ကိုယ်စားလှယ်လောင်းများ လှိုင်သာယာမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ဘုရင့်နောင်ပန်းခြံတွင် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီက မဲဆွယ်စည်းရုံးပွဲပြုလုပ်ခဲ့သည်။
“ကျွန်မတို့ပါတီက လုပ်ငန်းရှင်လေးတွေလည်း ပါတယ်။ လုပ်ငန်းရှင် အကြီး၊ အသေး၊ အလတ်ပါတယ်။ ပညာတတ်တွေပါတယ်။ လူငယ်တွေအများစုဖြစ်ပါတယ်။ တစ်ယောက်မှ ရွေးကောက်ပွဲ ဝင်ဖူးသေးတဲ့သူတွေ မဟုတ်ပါဘူး။ သို့သော်လည်း နိုင်ငံ့အရေးကို ဆောင်ရွက်ချင်တာကြောင့် ကျွန်မတို့ပါတီရဲ့မူဝါဒနဲ့အညီ ဆောင်ရွက်ကြမဲ့ ကိုယ်စားလှယ်လောင်း ပညာတတ်လူငယ်တွေဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။
ယင်းမဲဆွယ်စည်းရုံပွဲတွင် ဦးစွာ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပါတီ၏မူဝါဒများဟောပြောခဲ့သည်။ ဆက်လက်၍ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှ PPP ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း သုံးဦးနှင့် လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှ PPP ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း သုံးဦးကို မဲဆန္ဒရှင်ပြည်သူများနှင့် မိတ်ဆက်ပေးခဲ့သည်။





“ကျွန်မတို့ကို ခိုင်းပါ။ ကိုယ်စားလှယ်လောင်းတွေကို ခိုင်းပါ။ ကိုယ်စားလှယ်လောင်းတွေကို ခိုင်းဖို့အတွက်ကို ကျွန်မ ပြည်သူ့လူထုကို အပ်နှံပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေကို ခိုင်းဖို့အတွက်ဆိုရင် ကျွန်မတို့ ခုနက ပြောသွားတဲ့ ဒီအပြာရောင်ပေါ်မှာရှိတဲ့ အဖြူရောင် PPP ဆိုတဲ့ လိုဂိုလေး၊ ပါတီအမှတ်တံဆိပ်ရဲ့ ဘေးမှာရှိတဲ့ ခလုတ်အပြာရောင်ကို နှိပ်ခြင်းအားဖြင့် ကျွန်မတို့ကို လွှတ်တော်ထဲ အရောက်ပို့ပေးပါလို့ ပြောကြားလိုပါတယ် ” ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က မဲဆွယ်စည်းရုံးရာတွင် ပြောကြားခဲ့သည်။
PPP ပါတီကို ကိုယ်စားပြု၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဒေါ်ဌေးဌေးမြင့်တို့ကလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်) တွင် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဦးအောင်ပြည့်စုံ၊ တိုင်းဒေသကြီးလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်လှိုင်တို့ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စုစုမောင်တို့က ဝင်ရောက်ရွေးချယ်ခံ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ထို့နောက် မဲဆွယ်စည်းရုံးပွဲ တက်ရောက်လာသူပြည်သူများထံမှ သြဝါဒခံယူခြင်း၊ အခမဲ့ကျန်းမာရေး
စောင့်ရှောက်ခြင်းနှင့် အခမဲ့မျက်စိစမ်းသပ်ပေးကာ စာကြည့်မျက်မှန်လှူဒါန်းခြင်း၊ စတုဒိသာအလှူပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
