၁၄.၁၁.၂ဝ၂၅
Written by Nay Yaung Lin
အသနားခံစာတင်ထားမှုကို ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ပြီးဖြစ်သည့်အတွက် ၂၀၂၅ ရွေးကောက်ပွဲတွင် မိမိမပါဝင်နိုင်တော့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က
နိုဝင်ဘာ ၁၄ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံ၌ ပြုလုပ်သည့် ပြည်သူလူထုနှင့် တွေ့ဆုံမဲဆွယ်ပွဲနှင့် လှိုင်သာယာ နှစ်မြို့နယ်တွင် ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲတွင် ပြည်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ” ကျွန်မကိစ္စလေးလည်း သိကြမှာပါနော်။ အခု ဒေါက်တာသက်သက်ခိုင်က ဘယ်သူလဲလို့ ပြောရင်တော့ ကျွန်မ ပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူ မဲဆန္ဒနယ် အမှတ်(၂)မှာ လျှောက်ထားပြီးတော့ ငြင်းပယ်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။ ကျွန်မနောက်ဆုံး နိုဝင်ဘာ ၁ ရက်နေ့မှာ မီဒီယာနဲ့ပြောထားတာကတော့ ကျွန်မက အသနားခံစာတင်ထားတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ကျွန်မ ပြည်သူလူထုကြားထဲမှာ အုတ်အော်သောင်းတင်း မဖြစ်စေချင်လို့ပေါ့နော်။ ကျွန်မကို UEC ကပေါ့နော်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ငြင်းပယ်ပြီးဖြစ်ပါတယ်ရှင်။ ကျွန်မရဲ့ အသနားခံစာကို ငြင်းပယ်ပြီးဖြစ်ပါတယ်။ သို့သော်လည်း ကျွန်မ ဒီလိုငြင်းပယ်ခံရတဲ့အတွက် ငြင်းပယ်ပြီးသွားပြီဆိုတော့ ကျွန်မမပါနိုင်တော့ပါဘူး။ ကျွန်မ မပါပေမဲ့ ကျွန်မတို့ပါတီကနေပြီးတော့ ခုနကကိုယ်စားလှယ်လောင်းတွေကဲ့သို့ပဲ။ ပါတီမှာ ကိုယ်စားလှယ်လောင်း ၆၇၀ ကျော်ရှိတယ်။ အဲဒီ ၆၇၀ ကျော်ကို မဲပေးခြင်းအားဖြင့် ကျွန်မတို့ပါတီကို အားပေးကြပါ” ဟု ပြောကြားခဲ့သည်။
ထိသို့အားပေးမှုကြောင် ပါတီကိုယ်စားလှယ်လောင်းများ လွှက်တော်ထဲ ရောက်ရှိသွားပါက ပြည်သူလူထု၏ လူမှုဘဝဒုက္ခများ ပြေလည်နိုင်မည့် မူဝါဒများရရှိအောင် လွှတ်တော်အတွင်းကနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
“အဲဒီလိုအားပေးခြင်းအားဖြင့် ကျွန်မတို့ပါတီလွှတ်တော်ထဲ ရောက်သွားရင် ပြည်သူလူထုကို ကိုယ်စားပြုတဲ့အသံ၊ ပြည်သူလူထုရဲ့ ခံစားချက်တွေ၊ ပြည်သူလူထုရဲ့ လူမှုဘဝဒုက္ခတွေကို ပြေလည်နိုင်မဲ့ မူဝါဒတွေကို ရရှိအောင်လို့ ကျွန်မတို့ အစိုးရမဖြစ်သည့်တိုင်အောင်လည်း လွှတ်တော်ထဲကနေ တွန်းပါမယ်။ တကယ်လို့ ပြည်သူလူထုထောက်ခံမှုများလို့ အစိုးရအဖွဲ့ထဲ ရောက်သွားရင်လည်း ကျွန်မပြည်သူလူထုရဲ့ အကျိုးကို ဆက်လက်ထမ်းဆောင်ပါမယ်။ နောက်ဆုံး အမြင့်ဆုံးကတော့ ကျွန်မတို့ အာဏာရပါတီဖြစ်သွားရင်တော့ ကျွန်မတို့မူဝါဒတွေကို အပြည့်အဝအကောင် အထည်ဖော်နိုင်မှာဖြစ်ပါတယ် “ ဟု PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြည်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ပါတီ (၆) ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)အနေဖြင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၇ဝ ကျော်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် ၉၁ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၇၀ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၂ ရာခိုင်နှုန်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မဲဆန္ဒနယ်အကုန်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း PPP ပါတီမှ သိရသည်။
