သတိုး
၁၄. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၁၃ ရက်က စစ်ဆေးလုပ်ဆောင်ခဲ့တဲ့ မူးယစ်ဆေးဝါး စီးနင်းရှာဖွေမှုတစ်ခုကနေ မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ရရှိခဲ့တယ်လို့ သိရပြီး အဲဒါကတော့ မြို့တော်ရဲ့ ဒင်ဒိုင်းခရိုင်ရှိ ကွန်ဒိုမီနီယမ်တစ်ခုကနေ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားလုပ်ငန်းကို လုပ်ဆောင်နေတဲ့ တရုတ်အဖွဲ့အစည်းတစ်ခုကို ဖမ်းဆီးနိုင်လိုက်တာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့တော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိတွေနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တရားရုံးခွင့်ပြုချက်နဲ့ ရှာဖွေဝရမ်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ဟွေခွမ်ခရိုင်ရှိ တရုတ်နိုင်ငံသားတွေဟာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး သူတို့ရဲ့တံခါးကို ဖွင့်မပေးဘဲ ငြင်းဆန်နေကြောင်း Hotline ကနေ သတင်းရရှိပြီးနောက် ဖြစ်ပါတယ်။
သတင်းအရ ရှာဖွေမှုမှာ မူးယစ်ဆေးဝါးကို မတွေ့ရှိခဲ့ပေမယ့် တရုတ်နိုင်ငံသား သုံးဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦး စုစုပေါင်း လေးဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေက ယန်းကျိုး(၂၈ နှစ်)၊ လီ (၂၉ နှစ်)၊ ယန်ကွန်း (၂၇ နှစ်) နဲ့ မော်ဌေး (၂၇ နှစ်) လို့ ဖော်ထုတ်ခဲ့ပါတယ်။ သူတို့အားလုံးကို မူးယစ်ဆေးဝါး စစ်ဆေးခဲ့ရာမှာတော့ Negative ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းအရာရှိတွေဟာ တရုတ်ဘာသာစကား Browser Tab တွေ ဖွင့်ထားတဲ့ လက်တော့ပ်လေးလုံးနဲ့ Slot Games၊ အားကစားလောင်းကစားနဲ့ သုံးပုံဖဲကစားနည်း ဘက်ကာရက် (Baccarat) တို့ကို ထိန်းချုပ်လုပ်ဆောင်တဲ့ အဓိကအွန်လိုင်းလောင်းကစား Platform ကို စီမံခန့်ခွဲသူအဖြစ် Backend ကို ဝင်ရောက်ထားတာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူတွေက ဒီအဖွဲ့ဟာ ထိုင်းနိုင်ငံကို လုပ်ငန်းပြောင်းရွှေ့လာခြင်းမပြုခင် ကမ္ဘောဒီးယားနိုင်ငံက လောင်းကစားဆိုတ်တွေအတွက် Backend စီမံအုပ်ချုပ်သူတွေအဖြစ် အရင်က လုပ်ကိုင်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ရဲတွေဟာ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ပါဝင်တဲ့ မိုဘိုင်းဖုန်း ၁၀ လုံး၊ OTP အတည်ပြု Token တစ်ခု၊ အခွန်မဆောင်ရသေးတဲ့ စီးကရက် ခုနစ်ဗူးနဲ့ ကျောင်းသားဗီဇာကို ဘယ်လို အလွဲသုံးစားလုပ်ရမယ်၊ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုတွေကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာကို ဖော်ပြထားတဲ့ “လှည့်စားနည်း လက်စွဲစာအုပ်” (“Cheat sheets”) ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
မှတ်စုတွေထဲမှာ ဗီဇာအင်တာဗျူးအတွက် ကြိုတင်ရေးထားတဲ့ အဖြေတွေ၊ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုတွေနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေနဲ့ SIM ကတ်တွေနဲ့ စက်ပစ္စည်းတွေကို ဘယ်လို ဖွက်ထားရမလဲဆိုတဲ့ ညွှန်ကြားချက်တွေ ပါဝင်ခဲ့ပါတယ်။ ရဲတွေရဲ့ ဖမ်းဆီးမှုကို ရှောင်ရှားနိုင်ဖို့ လောင်းကစားလုပ်ငန်းမလုပ်ဖို့ တားမြစ်ထားတဲ့ ကွန်ဒိုမီနီယမ်စာရင်းကိုလည်း အရာရှိတွေက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးရမိသူ လေးဦးကို ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား ဝန်ဆောင်မှု လုပ်ကိုင်ခြင်း၊ တရားမဝင်တင်သွင်းသည့် အခွန်ပစ္စည်းများ ပိုင်ဆိုင်ခြင်းနဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်ခြင်းတို့နဲ့ တရားစွဲဆိုထားပါတယ်။ သူတို့အားလုံးဟာ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြပြီး ထိုင်းဘာသာစကား လာရောက်သင်ယူခြင်းနဲ့ ခရီးသွားလာခြင်းအတွက် ထိုင်းနိုင်ငံမှာ ရှိနေကြောင်း ရဲတွေကို ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ ဒီပြောဆိုချက်ဟာ စီးနင်းမှုအတွင်း စုဆောင်းရရှိခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အလားတူ တရားမဝင် လုပ်ဆောင်မှုတွေမှာ ပါဝင်နေတယ်လို့ ယူဆရတဲ့ တခြားသော တရုတ်လူငယ် နိုင်ငံသားတွေအထိပါ ချဲ့ထွင် စစ်ဆေး ဖမ်းဆီးနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Ref : Khaodsod
