၁၄. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ကရာဘီပြည်နယ်၊ ဖလိုင်းဖရာခရိုင်ရှိ ကုမ္ပဏီတစ်ခု၏ ဓာတုဗေဒမြေအောက်ကန်ကို ယနေ့ သောကြာနေ့ (နိုဝင်ဘာ ၁၄) ရက် နေ့လယ်ပိုင်းက သန့်ရှင်းရေးလုပ်စဉ် အဆိပ်ငွေ့ ရှူရှိုက်မိမှုကြောင့် မြန်မာအလုပ်သမား နှစ်ဦး သေဆုံးခဲ့သော်လည်း အခြားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ကုမ္ပဏီဝင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား သုံးဦးသည် ဟိုက်ဒရိုဂျင်ဆာလဖိုဒ် (Hydrogen Sulfide) ခေါ် “ကြက်ဥပုပ်နံ့” ရှိသည့် ဓာတ်ငွေ့ပါဝင်သော မြေအောက်ကန်ထဲသို့ သန့်ရှင်းရေးလုပ်ရန် ယနေ့ နေ့လယ်ပိုင်းက ဆင်းသက်ခဲ့ကြသည်။
သတင်းရရှိထားသည့်အတိုင်းပင် ၎င်းတို့သုံးဦးစလုံးသည် အဆိပ်ငွေ့ ပမာဏလွန်ကဲစွာ ရှူမိကာ ကန်အတွင်း၌ မေ့မြောလဲကျသွားခဲ့သည်ဟု သတင်းပေးပို့ချက်အရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဖလိုင်းဖရာရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဖြစ်စဥ်အပေါ် ကုမ္ပဏီမှ အရေးပေါ်တုံ့ပြန်မှုများ၊ ဒေသခံရဲများ၊ ခရိုင်အရာရှိများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ကိုပိုင်ဟု သိရသော အသက် ၂၂ နှစ်အရွယ် အလုပ်သမားတစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး ဖလိုင်းဖရာဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း ကျန်နှစ်ဦးဖြစ်သည့် ရှိုင်းလင်းအောင် (၂၄ နှစ်) နှင့် ကျော်လင်းဦး (၂၅ နှစ်) တို့သည် ကန်အတွင်း၌ ပိတ်မိနေခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့ကို ကယ်ထုတ်ရန် ကြိုးများကို အသုံးပြုခဲ့ရသည်။
နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကယ်ဆယ်ရေးသမားများသည် အမျိုးသားနှစ်ဦးလုံးကို ကန်ထဲမှ ဆွဲထုတ်နိုင်ခဲ့သော်လည်း အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ကြေညာခဲ့သည်။
လက်ရှိတွင် မှုခင်းဆေးဘက်ဆိုင်ရာရဲများနှင့် ဖလိုင်းဖရာဆေးရုံမှ ဆရာဝန်များသည် ရုပ်အလောင်းများကို စစ်ဆေးမှုများ ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးသူများ၊ ပြည်နယ်အလုပ်သမားကာကွယ်ရေးနှင့် စက်မှုအာဏာပိုင်များသည် မတော်တဆမှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီး ယခုကဲ့သို့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ဘေးကင်းရေးအစီအမံများကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
Ref: Bangkok Post
