MT News
၁၄. ၁၁. ၂၀၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိရာ ယခုလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသူလေးဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီး အရေးယူလိုက်သည်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ပန်းခြံတွင် စိုက်ထူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် ၁ ခု၊ ဗိုလ်ကံညွန့်ရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် ဇမ္ဗူဒိပ်လမ်းထောင့်တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီဆိုင်းဘုတ် ၁ ခု၊ သုမင်္ဂလာရပ်ကွက်ရှိလေးထောင့်ကန်လမ်းနှင့် သုမင်္ဂလာလမ်းထောင့်(ဇဝနလမ်းဆုံ)တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် ၁ ခုတို့အား ဖြိုလှဲဖျက်ဆီးနေကြောင်း သတင်းအရ ပါတီဆိုင်းဘုတ်များဖျက်ဆီးခဲ့သည့် တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်နေ ရွှေလင်းဦး(၂၀)နှစ်နှင့် ဗိုလ်ကံညွန့်ရပ်ကွက်နေ ခိုင်မင်းကို(၂၀)နှစ်တို့ ၂ ဦးအား ယင်းနေ့ နံနက် ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခင်းဖြစ်နေရာအနီး ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင်လမ်း၌လည်းကောင်း၊ ရန်အောင်ရပ်ကွက် နေသူများဖြစ်ကြသည့် စွမ်းထက်အောင်(၁၉)နှစ်အား နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် ရန်အောင် ရပ်ကွက်၊ ရန်အောင်လမ်းရှိ ၎င်း၏အဒေါ်ဖြစ်သူနေအိမ်မှလည်းကောင်း၊ ချစ်လင်းကို(၂၈)နှစ်အား နံနက် ၅ နာရီအချိန်တွင် ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူကျက်သရေဆောင်လမ်းရှိ ၎င်း၏အသိဖြစ်သူ နေအိမ်မှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြု နိုင်စေရန် စိုက်ထူထားသော ပါတီကိုယ်စားလှယ်လောင်းများ၏ ပါတီဆိုင်းဘုတ်များအား ဖျက်ဆီးပြီး ခြိမ်းခြောက်ဟန့်တားခြင်းများ ပြုလုပ်ခဲ့သူ ချစ်လင်းကိုပါ ၄ ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၂၃၉/၂၀၂၅၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
