◾️ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားစာပေများ ပျောက်ဆုံးမှုကြောင့် တိုင်းပြည်ပျောက်သည်အထိ ဖြစ်ခဲ့သည့် သာဓကများလည်းရှိနေကြောင်းပါ ပြောကြား
၁၄. ၁၁. ၂၀၂၅
Written by Nyein Kyaw
ယခုနှစ်တွင် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို မြန်မာဘာသာနှင့်သာမက မွန်၊ ပအိုဝ့် ဘာသာများနှင့်ပါ ဖြေဆိုနိုင်ခဲ့၍ လာမည့်နှစ်များတွင် ယခုတိုင်းရင်းသား ဘာသာစကားများအပြင် အခြားတိုင်းရင်းသား ဘာသာစကားများနှင့်ပါ ဖြေဆိုနိုင်ကြရေးအတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပိုင် နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) (၇၅) ကြိမ်မြောက်စိန်ရတု (၃၈) မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
မိမိတို့၏ မြန်မာစာပေ၊ မြန်မာဘာသာ စကားသည် နှစ်ပေါင်းရှည်ကြာ သမိုင်းအထောက်အထား ခိုင်မာစွာဖြင့် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ဘာသာစကားတစ်ခု၏ တန်ဖိုးကို မိမိမွေးရပ်ဇာတိတိုင်းပြည် မဟုတ်သည့် နိုင်ငံရပ်ခြားဒေသတစ်ခုသို့ ရောက်ရှိချိန်မှ ပိုမိုနားလည်သိရှိတတ်ကြကြောင်း ယာယီသမ္မတက ပြောကြားသည်။





ထိုအခါမှ မိမိတို့၏ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေသည် ပိုမိုလေးနက်သည်ကို သိလာကြကြောင်း၊ ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းသူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်စာပေနှင့် ဘာသာစကားကို အလေးထားကြရန် လိုကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားစာပေများ ပျောက်ဆုံးမှုကြောင့် တိုင်းပြည်ပါပျောက်သည်အထိဖြစ်ခဲ့သည့် သာဓကများလည်းရှိနေကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြတ်စွာဘုရား၏ သာသနာတော်ဆိုသည်မှာ အဆုံးအမတစ်ခု ဖြစ်သကဲ့သို ကိုယ်စီကိုယ်စီတွင်ရှိသင့်သည့် ကိုယ်ချင်းစာတရားတစ်ခုလည်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း၏ နှလုံးအိမ်တွင် မြတ်စွာဘုရား၏ အဆုံးအမများ ကိန်းအောင်းနေရန်အတွက် (၃၈)ဖြာမင်္ဂလာတရားတော်သည် အခြေခံပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။


ထိုသို့ အဆုံးအမများ တိုင်းသူပြည်သားများ၏ နှလုံးအိမ်တွင်တည်ရှိနေရန် ၁၉၄၉ ခုနှစ်မှစပြီး (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို YMBA အသင်းကြီးက ဦးဆောင်ကျင်းပခဲ့သည်မှာ ယခုအခါ(၇၅) ကြိမ်မြောက် စိန်ရတု အခါသမယတိုင်ခဲ့ပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခုနှစ် (၇၅) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို ကျင်းပရာတွင် ယခင်နှစ်များနှင့်မတူ ထူးခြားသည်မှာ မြန်မာဘာသာနှင့်သာမကပဲ တိုင်းရင်းသား ဘာသာများဖြစ်သည့် မွန်၊ ပအိုဝ့် ဘာသာများနှင့်ပါ ဖြေဆိုနိုင်ခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာတွေ့ရှိရကြောင်း၊ နောင်လာမည့် နှစ်များတွင်လည်း ယခုတိုင်းရင်းသား ဘာသာစကားများအပြင် အခြားတိုင်းရင်းသားဘာသာစကားများနှင့်ပါ ဖြေဆိုနိုင်ကြရေးအတွက် မိမိအနေဖြင့် တိုက်တွန်းပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုနောက် ယာယီသမ္မတက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ (၇၅)ကြိမ် မြောက်စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ(အကြီးတန်း)နှင့် မွန်ဘာသာ(အငယ်တန်း)တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး တွဲဘက်အမှုဆောင်ချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတို့က ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
