၂၇.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျမ်မူးဒေသအတွင်း ဩဂုတ်လ ၂၆ ရက်က မိုးရေချိန် ၃၆၈ မီလီမီတာ( ၁၄ ဒသမ ၄၈ လက်မ) အထိ မိုးရွာသွန်းခဲ့ရာ ဒေသအတွင်း အကြီးအကျယ်ရေလွှမ်းမိုးခဲ့ပြီး လူသိများတဲ့ ဟိန္ဒူ ဘုရားဖူးလမ်းကြောင်းတစ်ခုပေါ်ကို မြေပြိုကျခဲ့လို့ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ရတယ်လို့ ဩဂုတ်လ ၂၇ ရက်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မိုးရွာသွန်းမှုကြောင့် ပြည်သူတွေအနေနဲ့ ညဘက်မှာ ကိုယ့်အိမ်တွေမှာသာနေကြဖို့ တရားဝင်သတိပေးချက်တွေ ထုတ်ပြန်နေတဲ့ကြားထဲက ခုလိုဖြစ်ခဲ့ရတာလို့ လည်း သိရပါတယ်။
မိုးလေဝသဌာန တာဝန်ရှိသူတွေက တောင်ထူထပ်တဲ့ လားက်ဒေသမှာလေပြင်းတိုက်ခတ်မှုတွေနဲ့အတူ မိုးပိုမိုရွာသွန်းပြီး မိုးသက်မုန်တိုင်းတွေကျရောက်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုက ဂျမ်မူးနဲ့ ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေအထိ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်ရေးလုပ်ငန်းတွေဟာလည်း မရှိသလောက်ပြတ်တောက်သွားခဲ့တဲ့အတွက် အာဏာပိုင်တွေ ဟာ တယ်လီကွန်းဝန်ဆောင်မှုတွေကို ပြန်လည်ရရှိဖို့ ကြိုးစားလျက်ရှိတယ်လို့ ပြည်ထောင်စုနယ်မြေ ဝန်ကြီးချုပ် အိုမာအဗ္ဗဒူလာက ပြောခဲ့ပါတယ်။
Vaishno Devi ဘုရားကျောင်းအနီးမှာ ဘုရားဖူးတွေရဲ့လမ်းကြောင်းပေါ်ကို ဩဂုတ်လ ၂၆ ရက်က မြေပြိုကျခဲ့တာမှာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့တယ်လို့ ဩဂုတ်လ ၂၇ ရက်သတင်းတွေအရ သိရတာပါ။
ဒီဖြစ်ရပ်က ဟိမဝန္တာဒေသအတွင်း အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ်၊ ကစ်ရှ်ဝါမြို့(Kishtwar) မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မိုးရွာသွန်းတဲ့အတွက် လူ ၆၀ ဦးသေဆုံးခဲ့ပြီး ၂၀၀ ပျောက်ဆုံးခဲ့ရတဲ့ အဖြစ်ဆိုးကြီးပြီးနောက် ဆက်လက်ဖြစ်ပွားခဲ့တာပါပဲ။
ဂျမ်မူးဒေသအတွင်းမှာတော့ အာဏာပိုင်တွေက ကျောင်းတွေကို ပိတ်ထားဖို့ ဩဂုတ်လ ၂၆ ရက်မှာအမိန့်ထုတ်ခဲ့တာပါ။
ဒေသအတွင်း တာဝီမြစ်၊ ချီနတ်မြစ်နဲ့ ဘာဆန်တာမြစ်တွေမှာဆိုရင် သူတို့ရဲ့ စိုးရိမ်ရေမှတ်အဆင့်တွေကို ကျော်လွန်ပြီး မြစ်ရေတွေတက်လာခဲ့တဲ့အတွက် ရေလျှံကာ မြေနိမ့်ပိုင်း ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဂျမ်မူး ခရိုင်အရာရှိ ရာကက်ရှ် ကူးမားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရုပ်မြင်သံကြားပြချက်တွေအရ တာဝီမြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားတစ်စင်းပြိုကျခဲ့ပြီးတဲ့နောက် မော်တော်ယာဥ်တွေဟာ မြစ်ထဲ ထိုးကျကုန်တာတွေ့ကြရပါတယ်။ ဂျမ်မူးနဲ့ အိန္ဒိယနိုင်ငံ တခြားဒေသတွေကို ဆက်သွယ်ပေးတဲ့ အဝေးပြေးလမ်းတချို့လည်း ပျက်စီးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မုတ်သုန်မိုးရွာ သွန်းမှုဒဏ်ကို အလားတူ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
Ref- Reuters



