၂၇.၈.၂၀၂၅
Written by Thiri
အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပြည်သူတွေအဆင်ပြေအောင် နယ်မြေခံတပ်မတော်သားတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအသင်းသားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၆ ရက်ညပိုင်းနဲ့ ဒီနေ့နေ့လယ်ပိုင်းထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် ရန်ကုန် -မန္တလေးလမ်းဟောင်းကားလမ်းမှပေါ်နဲ့ ပျဉ်းမနားမြို့နယ်၊ ကြို့တန်းကျေးရွာ၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတွေမှာ ရေကြီးရေလျှံမှု၊ ရေကျော်မှုတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့လည်း သိရှိရပါတယ်။
ကယ်ဆယ်ရေးမှာ ပါဝင်နေတဲ့ နေပြည်တော် အခြေစိုက် အရန်မီးသတ်တပ်ဖွဲ့လည်းဖြစ်သလို ကရုဏာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက “ကျွန်တော်တို့တွေ ဇေယျာသီရိမြို့နယ်အတွင်းကို အဓိကထားပြီး တာဝန်ယူထားပါတယ်။ လက်ရှိ ရေတက်တာက တောင်ပေါ် ဒေသမှာမိုးများတာကြောင့်ပေါ့။ မနေ့ကဆိုရင်လည်း နေပြည်တော်မှာ တစ်နေကုန်၊ ညပိုင်း တစ်ညလုံးအတိုင်းအတာ နီးပါးမိုးရွာသွားတော့ အဲ့ဒီအခြေအနေကြောင့် ရေတိုးနေတာလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ ပြည်သူတွေကို လိုက်ပြီး ဆော်ဩ ကြေငြာတာမျိုး စီမံဆောင်ရွက်နေပါတယ်။ ပြည်သူတွေကတော့ သူ့တို့အစီအစဉ်နဲ့ တချို့လည်း ပြောင်းနေကြတာရှိပါတယ်။ နေပြည်တော်အနေနဲ့ ပင်လောင်းလမ်းဆုံ၊ စည်ပင်ကြီး ရေများနေတယ်။ ဆင်သေချောင်း ရေတိုးနေတယ်။ တပ်ကုန်းဘက်က ရေတွေလည်း ဆင်းလာနိုင်တော့ ကြိုတင် နိုးနိုးကြားကြား ပြင်ဆင်နေကြပါတယ်”လို့ MT News ကို ပြောပါတယ်။
လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေကို ဖြတ်ကျော်လျက်ရှိနေပါတယ်။
အဆိုပါ လေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့် ဒီနေ့နံနက်ပိုင်းကနေ ဩဂုတ်လ ၂၉ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။




