
၁၆. ၈. ၂၀၂၅
Written by Thettant
ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့်၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမပွဲဖြစ်သည့် မြန်မာနှင့် ထိုင်းအသင်းတို့၏ ပွဲစဉ်ကို ယနေ့နေ့လယ်က ယှဥ်ပြိုင်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းက ထိုင်းအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ထိုင်းအမျိုးသမီးအသင်းက ယနေ့ပွဲတွင် ဘောလုံးပိုင်ဆိုင်မှုအသာစီးယူကာ မြန်မာအသင်းဂိုးပေါက်ကို ၂၃ ကြိမ် ကန်သွင်းခဲ့သော်လည်း ဂိုးရယူနိုင်စွမ်းမရှိဘဲ ပွဲကစားချိန် ၆ မိနစ်ခန့်တွင် နောက်ခံလူ ဖြူဖွေးက ဂိုးရှေ့တွင် ရှင်းထုတ်ရာမှ ထိုင်းနောက်ခံလူ ဝီရုညာခြေထောက်ကြားမှထွက်ကာ Own Goal ပုံစံ ဂိုးရခဲ့ခြင်းဖြစ်သည်။ သို့သော်ချက်ချင်းဆိုသလို အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ၁၈ ကိုက်စည်းအနီးမှ အဝေးကန်ချက်ဖြင့် ချေပဂိုး ရယူခဲ့သလို ဒုတိယပိုင်းရရှိခဲ့သော ပင်နယ်လ်တီကိုလည်း အပိုင်သွင်းယူနိုင်ခဲ့သဖြင့် ထိုင်းအမျိုးသမီးကို အနိုင်ရကာ ဆီမီးတက်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယနေ့ကစားခဲ့ရာ ပထမ ပွဲစဉ်အဖြစ် ယှဥ်ပြိုင်ခဲ့သည့်ပွဲ၌ ထိုင်းကို အနိုင်ရခဲ့သည့် မြန်မာအမျိုးသမီးအသင်းက ဒုတိယ ပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ယခု ည ၇ နာရီ ၃၀ မိနစ်တွင် ယှဥ်ပြိုင်မည့် ဗီယက်နမ်နှင့် ဩစတြေးလျတို့နှစ်သင်းအနက် အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲကို ဩဂုတ် ၁၉ ရက်တွင် Haiphong မြို့ရှိ Lach Tray ကွင်း၌ ယှဥ်ပြိုင် ကစားသွားမည်ဖြစ်သည်။
မြန်မာအသင်းသည် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတိုင်း ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့ ၅ ကြိမ်တက်ရောက်ခဲ့ရာ ၂ ကြိမ် ( ၂၀၀၄၊၂၀၀၇) ဗိုလ်စွဲခဲ့သည်။
မြန်မာ အမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၂၃ ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သလို ယခုလည်း ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
