◾️ မြန်မာနိုင်ငံတွင်လည်း ဒုက္ခသည်စခန်းများ၊ NUG လက်အောက်ခံ လက်နက်ကိုင်များ၏ လိင်အကြမ်းဖက်မှုပါ တိုးလာ
နေမိုး
၁၆. ၈. ၂၀၂၅
ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများတွင် ဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်းနှင့် ဖြစ်ပွားမှု အများဆုံးနိုင်ငံများမှာ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ကွန်ဂို၊ ဟေတီ၊ ဆိုမာလီယာနှင့် တောင်ဆူဒန်တို့ဖြစ်သလို မြန်မာနိုင်ငံမှလည်း ဒုက္ခသည်စခန်းများနှင့် NUG လက်အောက် လက်နက်ကိုင်များ၏ လိင်အကြမ်းဖက်မှုပါ တိုးလာကြောင်း ကုလသမဂ္ဂ၏ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
◾️ အစီရင်ခံစာ၏ အဓိကအချက်များ
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ၏ “Report of the Secretary-General on conflict-related sexual violence” နှစ်ပတ်လည်အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ အသက်ရှင်ကျန်ရစ်သူ ၄,၆၀၀ ကျော်ရှိခဲ့ပြီး၊ အကြမ်းဖက်မှု အများစုကို လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သော်လည်း အချို့မှာ အစိုးရတပ်ဖွဲ့များက ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာ၏ အမည်ပျက်စာရင်း (Blacklist) တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း ၆၃ ခုကို ဖော်ပြထားသည်။ ၎င်းတို့ထဲတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီး ဂါဇာစစ်ပွဲကို စတင်စေခဲ့သည့် ဟားမတ်စ် (Hamas) စစ်သွေးကြွများလည်း ပါဝင်သည်။
စာရင်းသွင်းခံထားရသူများ၏ ရာခိုင်နှုန်းကျော်သည် အကြမ်းဖက်မှုများကို တားဆီးရန် မည်သည့်လုပ်ဆောင်မှုမှ မလုပ်ဆောင်ဘဲ ဤအစီရင်ခံစာ၏ အမည်ပျက်စာရင်းတွင် ၅ နှစ်နှင့်အထက် ပါဝင်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
◾️ အစ္စရေးနှင့် ရုရှားကို ကုလသမဂ္ဂက သတိပေး
အစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ်၊ လာမည့်နှစ် အမည်ပျက်စာရင်းတွင် ထည့်သွင်းခံရနိုင်ခြေရှိသော အဖွဲ့နှစ်ဖွဲ့ကို အသိပေးထားသည်၊ ၎င်းတို့မှာ အဓိကအားဖြင့် ထောင်များနှင့် အကျဉ်းချနေရာများရှိ ပါလက်စတိုင်း (Palestinian) လူမျိုးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် အစ္စရေး (Israel) စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ ယူကရိန်း စစ်သုံ့ပန်းများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ရုရှား (Russia) တပ်ဖွဲ့များနှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။
သို့သော် အစ္စရေး ကုလသမဂ္ဂ သံအမတ်ကြီး ဒန်နီ ဒန်နွန် (Danny Danon) က စွပ်စွဲချက်များသည် ဘက်လိုက်သော ထုတ်ပြန်ချက်များဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂအနေဖြင့် ဟားမတ်စ်တို့၏ ထိတ်လန့်ဖွယ်ရာ စစ်ရာဇ၀တ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အာရုံစိုက်ပြီး ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရေးကိုသာ အာရုံစိုက်သင့်သည်ဟု ဆိုသည်။ ရုရှား ကုလသမဂ္ဂ မစ်ရှင်ကမူ အတွင်းရေးမှူးချုပ်၏ သတိပေးချက်နှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့သည်။
◾️ ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ
စာမျက်နှာ ၃၄ မျက်နှာပါရှိသော အစီရင်ခံစာတွင် “ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” (Conflict-related sexual violence) ဆိုသည်မှာ မုဒိမ်းမှု၊ လိင်ကျွန်ပြုမှု၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းမှု၊ ကိုယ်ဝန်ဆောင်ရန် အတင်းအကျပ်ပြုမှု၊ ကိုယ်ဝန်ဖျက်ချရန် အတင်းအကျပ်ပြုမှု၊ မြုံအောင်ပြုလုပ်ရန် အတင်းအကျပ်ပြုမှု၊ အတင်းအကျပ် လက်ထပ်ထိမ်းမြားမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံများကို ရည်ညွှန်းသည်။
ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်များတွင် အသက် ၁ နှစ်မှ ၇၅ နှစ်အထိရှိသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ၎င်းတို့၏ နေအိမ်များ၊ လမ်းများပေါ်နှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေစဉ်အတွင်း တိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
အချို့နေရာများတွင် လက်နက်ကိုင်အဖွဲ့များသည် နယ်မြေနှင့် သဘာဝအရင်းအမြစ်များကို သိမ်းပိုက်ထိန်းချုပ်ရန်အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။
ထို့အတူ ဖမ်းဆီးထိန်းသိမ်းရေး စခန်းများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို “ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်ခုအဖြစ်” ကျူးလွန်ခဲ့ကြကြောင်း အစ္စရေးနှင့် ပါလက်စတိုင်း နယ်မြေများ၊ လစ်ဗျား၊ မြန်မာ၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်းနှင့် ယီမင်တို့တွင် အစီရင်ခံစာ၌ ဖော်ပြထားသည်။
အစီရင်ခံစာအရ အမျိုးသားများနှင့် ယောက်ျားလေးများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှု အများစုမှာ ထိန်းသိမ်းရေးစခန်းများတွင် ဖြစ်ပွားခဲ့ပြီး၊ မုဒိမ်းမှု၊ မုဒိမ်းကျင့်မည်ဟု ခြိမ်းခြောက်မှု၊ လိင်အင်္ဂါများကို လျှပ်စစ်ရှော့ခ်တိုက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ ပါဝင်သည်။

◾️ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် နေရာများ
ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး မစ်ရှင်က အမျိုးသမီး ၂၁၅ ဦး၊ မိန်းကလေး ၁၉၁ ဦးနှင့် အမျိုးသား ၇ ဦးတို့ကို သက်ရောက်သည့် မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှု၊ အတင်းအကျပ် လက်ထပ်ထိမ်းမြားမှုနှင့် လိင်ကျွန်ပြုမှုများကို မှတ်တမ်းတင်ခဲ့သည်။
ကွန်ဂိုနိုင်ငံ၏ တွင်းထွက်ပစ္စည်းကြွယ်ဝသော အရှေ့ပိုင်းဒေသတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး မစ်ရှင်က ပြီးခဲ့သည့်နှစ်တွင် မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှု၊ လိင်ကျွန်ပြုမှုနှင့် အတင်းအကျပ် လက်ထပ်ထိမ်းမြားမှုအပါအဝင် ဖြစ်ရပ် ၈၀၀ နီးပါးကို မှတ်တမ်းတင်ခဲ့သည်။
ဆူဒန်တွင် ၂၀၂၄ ခုနှစ်အစောပိုင်းမှစ၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရသူများအား ကူညီပေးနေသည့် အဖွဲ့များက မိန်းကလေး ၁၄၇ ဦးနှင့် ယောက်ျားလေး ၇၄ ဦးအပေါ် မုဒိမ်းမှု ၂၂၁ ခုကို မှတ်တမ်းတင်ထားပြီး၊ ခံစားခဲ့ရသူများ၏ ၁၆% မှာ အသက် ၅ နှစ်အောက်ဖြစ်ကာ၊ အသက်တစ်နှစ်အရွယ် ကလေး ၄ ဦးလည်း ပါဝင်သည်။
◾️ မြန်မာနိုင်ငံမှ ဒုက္ခသည်စခန်းများနှင့် PDF များ ကျူးလွန်သော လိင်အကြမ်းဖက်မှု
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအပါအဝင် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ လူပေါင်း ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၂ ဒသမ ၃ သန်းသည် အတင်းအကျပ် ထွက်ပြေးခဲ့ကြရပြီး၊ ၎င်းတို့သည် ရွှေ့ပြောင်းခံဒုက္ခသည်စခန်းများတွင်ပင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အန္တရာယ်များ ပိုမိုမြင့်မားလာခဲ့သည်။
စခန်းခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဆရာများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သည်။ ခန့်မှန်းခြေအားဖြင့် အရပ်သား ၆၁,၉၀၀ သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည် ၉၀၀,၀၀၀ ကျော်သည်လည်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လျော့နည်းလာခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုများ ပိုမိုများပြားလာခဲ့သည်။
အလားတူ လက်နက်ကိုင်ပြင်းထန်သော ဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုများပြားလာကြောင်းလည်း အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သည်။ လက်နက်ကိုင်အဖွဲ့များက အမျိုးသားများကို ပြန်ပေးဆွဲသည့် ဖြစ်စဉ်များတွင် ၎င်းတို့၏ဇနီးများထံမှ လင်ယောက်ျား ပြန်လည်လွတ်မြောက်ရေးအတွက် လိင်ပိုင်းဆိုင်ရာပြုမူရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ စီးပွားရေးအခက်အခဲများကြောင့် ပဋိပက္ခများ ပိုမိုဆိုးရွားလာရာ မြန်မာနိုင်ငံအတွင်း၊ ပြင်ပနှင့် နိုင်ငံအတွင်းသို့ လူကုန်ကူးမှုများ ဖြစ်ပွားခဲ့ပြီး၊ လူကုန်ကူးခံရသူများမှာ မုဒိမ်းကျင့်ခံရခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရခြင်းနှင့် လိင်ကျွန်အဖြစ် အတင်းအကျပ် ခိုင်းစေခံရခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။
Ref – AP Via MSN & UN
