◾️ ဒိုဟာမြို့သို့သွားရောက်သည့် လေယာဉ်လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့်ကို လက်ဆောင်ယူခဲ့သည့် ပို့ဆောင်ရေးဝန်ကြီးဟောင်းက နေအိမ်အကျယ်ချုပ် ကျခံနေရ
၁၆. ၈. ၂၀၂၅
Translated by Thettant
စင်ကာပူနိုင်ငံတွင် အလွန်ရှားပါးသော လက်ဆောင်ပေးကမ်းသည့် အဂတိမှု၌ ဟိုတယ်လုပ်ငန်းရှင် သူဌေးကြီး အွန်ဘန်းဆန်းသည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး ငွေဒဏ်သာ ကျခံခဲ့ရသည်။
၎င်းသည် စင်ကာပူ၏ နာမည်ကြီး “သန့်ရှင်းသောပုံရိပ်”ကို ထိခိုက်စေခဲ့သည့် ဥပဒေလုပ်ငန်းစဉ်များကို နှောင့်ယှက်မှုအဖြစ် စင်ကာပူဝန်ကြီးဟောင်းတစ်ဦးအား အားပေးကူညီခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ထိုသို့လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသော Hotel Properties ၏ မန်နေဂျင်းဒါရိုက်တာဟောင်းဖြစ်သည့် အွန်ဘန်းဆန်းအား တရားသူကြီးက ရာဇဝတ်မှုအတွက် စင်ကာပူဒေါ်လာ ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၃,၄၀၀) ဒဏ်ငွေ ချမှတ်ခဲ့သည်။
တရားသူကြီးက အောင်ဘိန်းဆန်း၏ ပြင်းထန်သော ကျန်းမာရေးအခြေအနေနှင့် “တရားစီရင်ရေးဆိုင်ရာ ကရုဏာ” ကို ထောက်ထား၍ ထောင်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းလုပ်ငန်းရှင် အွန်ဘန်းဆန်းသည် ရှားပါးသော အရိုးခြင်ဆီကင်ဆာတစ်မျိုး ဖြစ်သည့် Multiple myeloma ရောဂါကို ခံစားနေရသည်။
ခရိုင်တရားသူကြီး လီလစ်ချန်းက သောကြာနေ့ တရားရုံးတွင် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများဖြင့် တရားစီရင်ရေးဆိုင်ရာ ကရုဏာကို ဤအမှုတွင် အလေးထားသင့်သည်ကို ကျွန်တော် တွေ့ရှိရသည်။ ဆေးဘက်ဆိုင်ရာ အထောက်အထားများက ထောင်ဒဏ်သည် တရားခံ၏ အသက်အန္တရာယ်ကို များစွာခြိမ်းခြောက်နိုင်ကြောင်း ရှင်းလင်းစွာ ပြသနေသည်” ဟု ပြောကြားခဲ့သည်။
အသက် ၇၉ နှစ်ရှိ အွန်ဘန်းဆန်းသည် ၎င်း၏ပြစ်မှုအတွက် ဒဏ်ငွေအပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်ချေရှိသော်လည်း လွတ်မြောက်ခဲ့သည်။
မလေးရှားနိုင်ငံဖွား ဘီလျံနာသူဌေးကြီးဖြစ်သည့် အွန်ဘန်းဆန်းသည် ယခင်ပို့ဆောင်ရေးဝန်ကြီး အက်စ်အစ်ဝါရန် (S. Iswaran) ကို လက်ဆောင်ပေးကာ စင်ကာပူ၏ သန့်ရှင်းသော ဥပဒေလမ်းကြောင်းကို နှောင့်ယှက်ရာတွင် အားပေးကူညီခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဤစွဲချက်များသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ FIFA World Cup ပြိုင်ပွဲကာလအတွင်း အစ်ဝါရန်က အွန်ဘန်းဆန်းထံမှ ရရှိခဲ့သည့် ဒိုဟာမြို့သို့ လေယာဉ်လက်မှတ်များနှင့် ဟိုတယ်တည်းခိုခွင့်တို့ လာဘ်ပေးခဲ့မှုနှင့် သက်ဆိုင်သည်။ ထိုအချိန်က အစ်ဝါရန်သည် စင်ကာပူဖော်မြူလာဝမ်း (Formula One) ညပွဲလမ်းညွှန်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အစ်ဝါရန်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အဂတိမှုဖြင့် ထောင်ကျခဲ့သော်လည်း ၎င်း၏ ၁၂ လ ထောင်ဒဏ်ကို ဖေဖော်ဝါရီလမှစ၍ နေအိမ်အကျယ်ချုပ် ဆက်လက်ကျခံခွင့်ရခဲ့သည်။
စုစုပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိသည့် အွန်ဘန်းဆန်းနှင့် ၎င်း၏ဇနီး ခရစ္စတီးနားတို့သည် စင်ကာပူတွင် အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးသည် Hotel Properties တွင် အများအပြားပိုင်ဆိုင်ထားပြီး ၎င်းဟိုတယ်သည် စင်ကာပူရှိ Four Seasons Hotel နှင့် မော်လ်ဒိုက်ရှိ အပန်းဖြေစခန်းများအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ပိုင်ဆိုင်မှုများရှိသည်။ ထို့အပြင် ဗြိတိန်လက်ကိုင်အိတ်ထုတ်လုပ်သူ Mulberry Group တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားသည်။
အွန်ဘန်းဆန်းသည် ယခုနှစ် ဧပြီလတွင် Hotel Properties ၏ မန်နေဂျင်းဒါရိုက်တာရာထူးမှ နုတ်ထွက်ခဲ့သည်။ ယခုလအစောပိုင်းတွင်မူ Hotel Properties ကုမ္ပဏီက စင်ကာပူ၏ အဓိကစျေးဝယ်လမ်းဖြစ်သည့် Orchard Road ပေါ်ရှိ ၎င်း၏ အိမ်ခြံမြေသုံးခုကို ပြန်လည်တည်ဆောက်ရန်အတွက် မိတ်ဖက်အဖွဲ့များနှင့် ဆွေးနွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
Ref ., Forbes
