




၅.၈.၂၀၂၅
Written By Thandar
Mahar Channel က ဟာသဇာတ်လမ်းပုံစံ “စျေးသည်မလေ ခပ်ချေချေပဲ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီဇာတ်ကားကို ရိုက်တုန်းက ၂၀၁၈ ခုနှစ်လောက်က ရိုက်ကူးခဲ့တာပါ။ နည်းနည်းကြာသွားပြီ။ အခုအချိန်မှာ လက်ရှိရုံတင်ထားတဲ့ ဂုဏ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဆုံသွားတာပါ။ တန်းစီရင်းကနေ ခုမှ ပြသခွင့်ရတဲ့ ကားမို့ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးကားပါပဲ။ ဒီလိုဟာသဇာတ်တွေကို သဘောကျကြတဲ့ အချိန်ပေါ့။ အဲအချိန်ကပြသရရင်တော့ လတ်လတ်ဆတ်ဆတ် ပိုဖြစ်မှာပါ။ ဇာတ်လမ်းတွေ Plot တွေက ဇာတ်တင်ဆက်ပုံက နောက်ကျမကျန်ခဲ့သေးပါဘူး။ ပရိသတ်အကြိုက်တွေ့ကြမှာပါ” လို့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ကိုကျော်၊ ရိုက်ဆက် ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်၊ အကယ်ဒမီ ရွှေမှုံရတီ၊ ငွေမှုံရတီ၊ ယွန်းရွှေရည်၊ အကယ်ဒမီမိုးဒီ၊ ဟိန်းမင်း၊ ငှက်ပျော်ကြော်၊ ဇင်မျိုး၊ 5 Star အဖွဲ့၊ ဟိန်းဇေ၊ နန္ဒကျော်စွာ၊ ဒေါ်နွဲ့နွဲ့စန်း၊ အေးအေးခိုင်စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ဈေးသည်မလေ ခပ်ချေချေပဲ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၈ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
