
၅. ၈. ၂၀၂၅
Translated by Thettant
အိန္ဒိယမြောက်ပိုင်းရှိ ဟိမဝန္တာရွာတစ်ရွာတွင် ယနေ့ ရုတ်တရက်ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး ၅၀ ကျော်ပျောက်ဆုံးနေကြောင်း အရာရှိများက ပြောကြားခဲ့ကာ သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
ယနေ့ ဩဂုတ် ၅ ရက် အင်္ဂါနေ့တွင် အိန္ဒိယမီဒီယာများမှ ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယိုများ၌ ဥတ္တရာခန်ပြည်နယ်ရှိ ဒါရယ်လီရွာတွင် တောင်ကျရေနှင့်အတူစီးလာသော ရွှံ့နွံရေများ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရုတ်ချည်းကျဆင်းလာကာ နေအိမ် အဆောက်အအုံများစွာကို ဖြိုလှဲ တိုက်စားသွားသည်ကို ပြသနေသည်။
လူအများအပြားသည် အဆောက်အအုံများစွာကို မြေလှန်ပစ်သည့် မှောင်မိုက်သော အပျက်အစီးလှိုင်းလုံးများအောက်သို့ မရောက်မီ ပြေးလွှားနေသည်ကို တွေ့မြင်နိုင်သည်။ ရွာ၏ ကျယ်ပြောသောနေရာတစ်ခုလုံးသည် အပျက်အစီးများဖြင့် လွှမ်းခြုံနေပြီး နေရာအချို့တွင် ရွှံ့နွံများသည် အိမ်များ၏ ခေါင်မိုးများအထိ ရောက်ရှိနေသည်။
အဆိုပါဖြစ်ရပ်ကြောင့် လူလေးဦးသေဆုံးသော်လည်း အများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အတ္တာကာရှီခရိုင်အုပ်ချုပ်ရေးမှူး Prashant Arya က ဒေသခံမီဒီယာများသို့ ပြောကြားခဲ့သည်။ သို့သော် သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်မည်ဖြစ်သည်။
“ဒါရယ်လီရွာမှာ ကြီးမားတဲ့ ရွှံ့နွံပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပျက်အစီးနဲ့ ရေတွေက ရွာထဲကို ရုတ်တရက် စီးဆင်းသွားတာကို ဖြစ်စေခဲ့ပါတယ်” ဟု အိန္ဒိယစစ်တပ်က X တွင် ပို့စ်တစ်ခုတင်ခဲ့သည်။
ဟိမဝန္တာတောင်တန်းရှိ ဥတ္တရာခန်ပြည်နယ်သို့ ကယ်ဆယ်ရေးအဖွဲ့များကို “စစ်ပွဲကဲ့သို့” ဖြန့်ကြက်ချထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ယနေ့ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“အသက်တွေကို ကယ်တင်ဖို့နဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
စစ်တပ်နှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့များမှ အဖွဲ့များသည် ထိုဒေသသို့ ရောက်ရှိလာပြီး အပျက်အစီးများနှင့် ရွှံ့နွံများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကြိုးစားနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ကယ်ဆယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဟယ်လီကော်ပတာသုံးစီးကို ဗဟိုအစိုးရထံမှ တောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် အဝေးဒေသများသို့ ရောက်ရှိရန် ရုန်းကန်နေရသည်။
“ကံကောင်းထောက်မစွာပဲ၊ လူအများစုဟာ လုံခြုံတဲ့နေရာမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ရှိနေကြပါတယ်” ဟု မီဒီယာသို့ ပြောဆိုခွင့်မရှိသောကြောင့် အမည်မဖော်လိုသည့် သဘာဝဘေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရေစီးကြောင်းကြီး ရပ်တန့်သွားပြီးနောက် နေရာမှရိုက်ကူးထားသော စစ်တပ်မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဖြည်းညှင်းစွာ စီးဆင်းနေသော ရွှံ့နွံမြစ်ကို ပြသနေသည်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကြေကွဲဖွယ်ရာဖြစ်ရပ်ကြောင့် ထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သလို “ပြည်သူတွေကို အကူအညီပေးဖို့အတွက် ဘယ်အရာမှ ချန်ထားခဲ့မှာ မဟုတ်ပါဘူး” ဟု ၎င်းက လူမှုမီဒီယာတွင် တင်ခဲ့သည့် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယမိုးလေဝသဌာနက ထိုဒေသအတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဥတ္တရာခန်၏ နေရာအချို့တွင် ၂၁ စင်တီမီတာ (၈ လက်မ) ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ လာမည့်ရက်များတွင် ထိုဒေသ၌ မိုးကြီးနိုင်ကြောင်းလည်း ခန့်မှန်းခဲ့သည်။ အာဏာပိုင်များက Dehradun နှင့် Haridwar မြို့များအပါအဝင် ခရိုင်များစွာရှိ ကျောင်းများကို ပိတ်ထားရန် တောင်းဆိုခဲ့သည်။
ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုန်ရာသီအတွင်း ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားနိုင်သည့်ဥတ္တရာခန်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုများသည် ပိုမိုအဖြစ်များလာသည်။ မိုးသည်းထန်စွာရွာသွန်းမှုများသည် ရေကြီးမှုနှင့် မြေပြိုမှုများကို ဖြစ်စေနိုင်ပြီး တောင်တန်းဒေသများရှိ ထောင်နှင့်ချီသောလူများကို ထိခိုက်စေနိုင်သည်။
၂၀၁၃ ခုနှစ်တွင် ထိုကဲ့သို့သော မိုးသည်းထန်စွာရွာသွန်းမှုသည် ဥတ္တရာခန်ပြည်နယ်ကို ဖျက်ဆီးခဲ့ရာ လူ ၆,၀၀၀ ကျော်သေဆုံးပြီး ရွာ ၄,၅၀၀ ထိခိုက်ခဲ့သည်။
နီပေါအခြေစိုက် International Centre for Integrated Mountain Development မှ ၂၀၂၃ ခုနှစ် အစီရင်ခံစာတစ်ခုအရ ဟိန္ဒူကတ်ရှ်နှင့် ဟိမဝန္တာတောင်တန်းများတစ်လျှောက်ရှိ ရေခဲမြစ်များသည် မကြုံစဖူးနှုန်းဖြင့် အရည်ပျော်နေကြောင်း တွေ့ရှိခဲ့သည်။ ထိုဒေသရှိ ရေခဲမြစ်ရေကန် ၂,၀၀၀ ကျော်အနက် အနည်းဆုံး ၂၀၀ သည် ရေလျှံမှုအန္တရာယ်ရှိနေပြီး အောက်ပိုင်းရှိ ဒေသများကို ကပ်ဘေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း လေ့လာမှုက တွေ့ရှိခဲ့သည်။
Ref, Al Jazeera
