◾️ ပြဋ္ဌာန်းချက်အရ မြို့နယ်အလိုက် FPTP စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးကို ရွေးကောက်တင်မြှောက်ရန် ဆောင်ရွက်ထားဟု ဆို
◾️ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေ နှစ်ခုလုံးတွင် “တပ်တွင်းမဲရုံ” ဆိုသည့် ဝေါဟာရမရှိကြောင်းနှင့် မဲရုံအရေအတွက်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့် ဒေသအခြေအနေကို မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင်ကြောင်းသာ ပြဋ္ဌာန်းထားဟု UEC ပြောကြား
◾️ ရက်ပေါင်း ၁၈၀ ထက် မနည်းရောက်ရှိနေထိုင်ပြီးဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုတွင် မဲပေးနိုင်ရန်အတွက် နည်းဥပဒေ ပြဋ္ဌာန်းပေးထား၍ ပုံစံ (၃-က) နှင့် လျှောက်ထားမဲပေးနိုင်ဟု ဆို

၅. ၈. ၂၀၂၅
Written by Nyein Kyaw
အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များကို FPTP စနစ်နှင့် PR စနစ် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) တို့ဖြင့် ဆောင်ရွက်မည်ဖြစ်သော်လည်း မဲဆန္ဒရှင်က မဲတစ်မဲသာပေးရမည်ဖြစ်ပြီး FPTP နှင့် ကိုယ်စားလှယ်မရခဲ့လျှင်ပင် PR နှင့် အချိုးကျကိုယ်စားလှယ် ရနိုင်သည့်စနစ် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ တွင် မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း ပြဋ္ဌာန်းချက်အရ မြို့နယ်အလိုက် FPTP စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးကို ရွေးကောက်တင်မြှောက်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ကို FPTP စနစ်အပြင် PR စနစ် ပါဝင်သော ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးရန် ဥပဒေပြဋ္ဌာန်းထားကြောင်း၊ မဲဆန္ဒရှင်က တစ်မဲသာပေးရမည်ဖြစ်ပြီး လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရခြင်းမဟုတ်ဘဲ မဲဆန္ဒရှင်များအတွက်လည်း ရှုပ်ထွေးမှုလည်းမရှိပါကြောင်း UEC က ဖြေကြားထားသည်။
ထို့ကြောင့် FPTP စနစ်၏ အားသာချက်နှင့် PR စနစ်၏ ကောင်းကျိုးရရှိနိုင်သည့်စနစ် ဖြစ်သည့်အတွက် FPTP နှင့် ကိုယ်စားလှယ်မရခဲ့လျှင်ပင် PR နှင့် အချိုးကျကိုယ်စားလှယ် ရနိုင်သည့်စနစ် ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီကို FPTP နှင့် ရွေးကောက်တင်မြှောက်မည်ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်ကိုလည်း FPTP နှင့် ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။

ရွေးကောက်ပွဲတွင် မဲရုံအားလုံးတွင် MEVM အီလက်ထရောနစ်မဲပေးစက် စက်ခလုတ်နှင့် မဲပေးရမှုက နည်းပညာအရ ရလဒ်များကို ပြောင်းချင်သလိုပြောင်း၍ ရသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ မဲဆန္ဒရှင်က မဲပေးထားချက်အတိုင်း စက်ကမှတ်တမ်းယူထားသည့်အတိုင်း ဖော်ပြပေးမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
မဲဆန္ဒရှင်ကိုယ်တိုင်လည်း ကြည့်ရှုစစ်ဆေးနိုင်ပြီး ရွေးကောက်ပွဲကို မလိုလားသူတွေကတော့ “မယုံကြည်ဘူး” တို့ “မှန်ကန်တဲ့ရလဒ် မဖြစ်နိုင်ဘူး” တို့ ပြောကြမည်ဖြစ်ကြောင်း၊ အဆိုပါ မဲပေးစက်များ၏ ယုံကြည်စိတ်ချရမှု အဆင့်အတန်းသည် ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်ပြီး မဲပေးထားသည့်အတိုင်း စက်က အမှားအယွင်းမရှိ ဖော်ပြကာ မှန်ကန်သည့် မဲရလဒ်ကိုလည်း မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်ပြီး အပြန်အလှန် စစ်ဆေးနိုင်ကြောင်း UEC က ဖြေကြားထားသည်။
တပ်တွင်းမဲရုံများကို အပြင်ထုတ်သွားရန်နှင့် တပ်တွင်း၌ပင် မဲပေးရမည်လား မေးခွန်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေ နှစ်ခုလုံးတွင် “တပ်တွင်းမဲရုံ” ဆိုသည့်ဝေါဟာရ မရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၆ ၊ ပုဒ်မခွဲ (က) တွင် “ကော်မရှင်သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက်ထားရှိမည့် မဲရုံအရေအတွက်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့် ဒေသအခြေအနေကို မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင်သည် သို့မဟုတ် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့လည်း တာဝန်ပေးအပ်နိုင်သည်” ဟု ပြဋ္ဌာန်းထားကြောင်း UEC က ဖြေကြားခဲ့သည်။
ပြည်သူလူထုမဲပေးခွင့် မဆုံးရှုံးစေရန်ကိစ္စသည့် အရေးကြီးသည့်အတွက် မိမိ၏အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) စာရင်းပေါက်သည့်နေရာတွင် မဲစာရင်းပါမည်ဖြစ်သော်လည်း မဲစာရင်းပါရှိရာဒေသမှ ရက်ပေါင်း ၁၈၀ ထက် မနည်းရောက်ရှိနေထိုင်ပြီးဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုတွင် မဲပေးနိုင်ရန်အတွက် နည်းဥပဒေ ပြဋ္ဌာန်းပေးထားကြောင်း၊ ပုံစံ (၃-က) နှင့် လျှောက်ထားပြီး ရောက်ရှိသည့်နေရာတွင် မဲပေးခွင့်ရရှိရန် ဆောင်ရွက်ပေးထားကြောင်း UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲဥပဒေတွင် မဲပေးခွင့်ရရှိရန်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည့်။ နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့်ရလက်မှတ် တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရမည်။ မဲစာရင်းတွင် ပါသူလည်းဖြစ်ရပါမည်။ မဲရုံတွင်မဲပေးရန်အတွက် မိမိကိုင်ဆောင်ထားသည့် ဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြစ်သည့် နိုင်ငံသားကတ် ပြသရမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲလုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေအရ ဆန္ဒမဲပေးရန် လုံခြုံမှုအခြေအနေ မရှိလျှင် ယင်းမဲဆန္ဒနယ်၏ ရွေးကောက်ပွဲကို ရွေ့ဆိုင်းထား၍ရကြောင်း၊ ရွေးကောက်ပွဲလုံခြုံရေးနှင့် စီမံခန့်ခွဲရေးကိစ္စများကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေးသူစာရင်းတွင် အကျုံးဝင်ပါက ကြိုတင်မဲပေးခွင့်ရှိကြောင်း၊ ကြိုတင်မဲပေးရန် အကျုံး မဝင်ပါက မဲရုံ၌ပင် မဲပေးရမည်ဖြစ်ကြောင်း၊ နေအိမ်မှ ကြိုတင်မဲပေးရန်အတွက် အကျုံးဝင်သူများမှာ အနာကြီးရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ နေအိမ်တွင် သားဖွားနေသူများကိုသာ ဥပဒေက ခွင့်ပြုပေးထားကြောင်း UEC က ဖြေကြားထားသည်။
