
၄. ၈. ၂၀၂၅
Translated by Tha Doe
နယ်စပ်တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် မလုံခြုံမှု သတင်းများ ထွက်ပေါ်လာခြင်းတို့ကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ အစုလိုက်အပြုံလိုက် နေရပ်ပြန်ကုန်ကြသဖြင့် ထိုင်းနိုင်ငံသည် ရုတ်တရက် ပြင်းထန်သော လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။
ခန့်မှန်း လုပ်သားအင်အား စုစုပေါင်း ၁ သန်းကျော်မှ ၅ ရက်တာကာလအတွင်း ကမ္ဘောဒီးယားအလုပ်သမား ၄၀၀,၀၀၀ ခန့် လျင်မြန်စွာ ထွက်ခွာသွားခြင်းက ထို လုပ်သားရှားပါးမှုအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

◾️ လုပ်သားရှားပါးမှု၏ သက်ရောက်မှု
အဆိုပါ လုပ်သားရှားပါးမှုသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အစားအစာထုတ်လုပ်ရေး ကဲ့သို့သော အဓိကကဏ္ဍများကို ပြင်းထန်စွာ ထိခိုက်လျက်ရှိပြီး အထူးသဖြင့် ကမ္ဘောဒီးယားအလုပ်သမားများက လုပ်သားအင်အား၏ ၇၀၊ ၈၀ ရာခိုင်နှုန်းအထိ မှီခိုထားရသည့် နယ်စပ်ပြည်နယ်များတွင် ပိုမိုသိသာထင်ရှားစွာ အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းတက္ကသိုလ် (University of the Thai Chamber of Commerce) မှ စီးပွားရေးပညာဌာန၏ ပါမောက္ခချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာကုန်သွယ်မှု သုတေသနစင်တာ (DEIIT) ၏ ဒါရိုက်တာဖြစ်သူ Anusorn Tamajai က ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခသည် လုပ်သားဈေးကွက်အပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိကြောင်း အကဲဖြတ်ခဲ့သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားလုပ်သားအင်အားတွင် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများသည် အရေးပါသော အစိတ်အပိုင်းတစ်ခုကို ပုံဖော်ထားပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အစားအစာထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်နေသည်။

ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားလုပ်သား ၅၀၀,၀၀၀ ခန့်သည် တရားဝင်အလုပ်လုပ်ကိုင်နေကြသည်။ သို့သော် တရားမဝင်လုပ်သားများကို ထည့်သွင်းတွက်ချက်ပါက စုစုပေါင်းလုပ်သားဦးရေမှာ ၁ သန်းမှ ၁ ဒသမ ၂ သန်းကို ကျော်လွန်မည်ဟု ခန့်မှန်းရသည်။
ဤလုပ်သားများသည် ထိုင်းစီးပွားရေးလုပ်ငန်းများစွာ၏ လုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ကမ္ဘောဒီးယားအတွက်လည်း အရေးပါသော ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်သည်။ တစ်နှစ်လျှင် ဘတ်ငွေ ၄၀ ဘီလျံမှ ၆၅ ဘီလျံအထိ မိခင်နိုင်ငံကို ပြန်လည် ပေးပို့လျက်ရှိပြီး ကမ္ဘောဒီးယား၏ GDP (အသားတင်ပြည်တွင်းထုတ်ကုန်) ၆ ဒသမ ၅ ရာခိုင်နှုန်းကျော်ကို ပုံဖော်ထားသည်။
◾️ နယ်စပ်တင်းမာမှုများ၏ ရလဒ်
နယ်စပ်တင်းမာမှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် ပြင်းထန်သော ပဋိပက္ခဖြစ်ပွားခဲ့သည့် ၅ ရက်တာကာလအတွင်း ကမ္ဘောဒီးယားလုပ်သား ၄၀၀,၀၀၀ ခန့် ၎င်းတို့၏ ဇာတိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ပထမဆုံးနေ့တွင်ပင် လုပ်သား ၁၅၀,၀၀၀ ခန့် ထွက်ခွာသွားခဲ့သည်။ ဤလျင်မြန်သော အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိကုန်မှုသည် ထိုင်းနိုင်ငံအတွင်း မလုံခြုံမှု သတင်းများ ပျံ့နှံ့မှုကြောင့် ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

Anusorn က အာဏာပိုင်များကို ထိုသို့သော သတင်းများအား တုံ့ပြန်ရန်နှင့် ထိုင်းပြည်သူများနှင့် ကမ္ဘောဒီးယားလုပ်သားများကြားတွင် အပြုသဘောဆောင်သော ဆက်ဆံရေးကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
ရုတ်တရက် ထောင်ပေါင်းများစွာသော ကမ္ဘောဒီးယားလုပ်သားများ ပျောက်ကွယ်သွားခြင်းသည် ထိုင်းနိုင်ငံတွင် ပြင်းထန်သော လုပ်သားရှားပါးမှုကို ဖြစ်ပေါ်စေခဲ့သလို ကမ္ဘောဒီးယားစီးပွားရေးကိုလည်း တစ်ပြိုင်နက်တည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။
ပြန်လည်ဝင်ရောက်လာသည့် လုပ်သားများသည်လည်း ဇာတိနိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်လေ့ရှိပြီး ဝင်ငွေဆုံးရှုံးကာ အရေးပါသော ပေးပို့ငွေများ ချက်ချင်းလျော့နည်းသွားစေသည်။ ထိုသို့ လုပ်သားများ ထွက်ခွာသွားသော်လည်း ထိုင်းနိုင်ငံတွင် သိသာထင်ရှားသော ကမ္ဘောဒီးယားလုပ်သားအများအပြား ကျန်ရှိနေသေးသည်။ အထူးသဖြင့် နယ်စပ်နှင့် ဝေးသောနေရာများတွင်ဖြစ်ပြီး ပိုမိုမြင့်မားသော လုပ်ခ၊ အလုပ်အကိုင် လုံခြုံမှုနှင့် ကမ္ဘောဒီးယားတွင် အလုပ်အကိုင် အခွင့်အလမ်း အာမခံချက်မရှိခြင်းတို့ကြောင့် ကမ္ဘောဒီးယားလုပ်သားများ ထိုင်းနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

◾️ ရှေ့ဆက်ရမည့် လမ်း
လုပ်သားအင်အား လျင်မြန်စွာ လျော့နည်းသွားခြင်းသည် လုပ်သားရှားပါးမှုကို ချက်ချင်းဖြစ်ပေါ်စေပြီး ထုတ်လုပ်မှုနှင့် လုပ်ငန်းဆောင်တာများကို အဟန့်အတားဖြစ်စေသည်။ ဤအခြေအနေသည် စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် အစားအစာထုတ်လုပ်ရေး စက်ရုံများတွင် အထူးသိသာထင်ရှားပြီး အထူးသဖြင့် ချန်သာဘူရီ၊ ထရတ်နှင့် ဆူရင်ကဲ့သို့သော နယ်စပ်ပြည်နယ်များတွင် ကမ္ဘောဒီးယားလုပ်သားများက စုစုပေါင်းလုပ်သားအင်အား၏ ၇၀၊ ၈၀ ရာခိုင်နှုန်းကို ပုံဖော်ထားရာ ဤဒေသများရှိ စီးပွားရေးလုပ်ငန်းများစွာသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို လျှော့ချရန် ဖိအားပေးခံခဲ့ရသည်။
ပဋိပက္ခ ဆက်လက်ဖြစ်ပွားပြီး လုပ်သားရှားပါးမှု ပိုမိုဆိုးရွားလာပါက အာဏာပိုင်များသည် လာအိုနှင့် မြန်မာမှ လုပ်သားများကို အခြားရွေးချယ်စရာတစ်ခုအဖြစ် တင်သွင်းရန် စဉ်းစားရမည်ဖြစ်သည်။ သို့သော် ကမ္ဘောဒီးယားလုပ်သား ၁ သန်းမှ ၁ ဒသမ ၂ သန်းကို လာအိုနှင့် မြန်မာလုပ်သားများဖြင့် အပြည့်အဝ အစားထိုးခြင်းသည် ရေတိုတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။ လာအိုလုပ်သားဦးရေက နည်းပါးပြီး အဓိကအားဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်နေသည်။ မြန်မာလုပ်သားများက စက်မှုကဏ္ဍများတွင် လုပ်ကိုင်ကြကာ ထိုင်းနိုင်ငံ၏ အနောက်ဘက်နှင့် မြောက်ဘက်နယ်စပ်တစ်လျှောက်တွင် အဓိကအားဖြင့် လုပ်သားအဖြစ် နေရာယူထားသည်။
ဆိုလိုသည်မှာ ကမ္ဘောဒီးယားလုပ်သားများနေရာအရှေ့ပိုင်း စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရေး ကဏ္ဍများတွင် အခြားလုပ်သား အစားထိုးခြင်းသည် ဒေသအလိုက်နှင့် ရာသီအလိုက် လုပ်သား ရှားပါးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် ရိတ်သိမ်းချိန်များတွင် ဖြစ်သည်။ ထို့အပြင် လုပ်သားခွဲတမ်းများ တိုးမြှင့်ခြင်း၊ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ်များကို စီမံခန့်ခွဲခြင်းနှင့် ပိုမိုမြင့်မားသော တရားဝင်ကုန်ကျစရိတ်များကို ဖြေရှင်းခြင်းတို့သည် ထိုင်းနိုင်ငံ၏ လုပ်သားများပြားသော ကုန်ထုတ်လုပ်ငန်းကဏ္ဍများတွင် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
ရေရှည်တွင် ထုတ်လုပ်မှုပုံစံကို လုပ်သားအင်အား များများစားစား အသုံးပြုသည့် ပုံစံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပိုမိုမှီခိုသည့် ပုံစံသို့ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုသည် ရှောင်လွှဲ၍မရဟု ယူဆရသည်။ အိမ်နီးချင်းနိုင်ငံများမှ လုပ်သားအင်အားအပေါ် မှီခိုမှုကို လျှော့ချရန် နည်းပညာတွင် စီမံကိန်းဆွဲခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကို ကြိုတင်၍ ဦးစားပေးရမည်ဖြစ်သည်။
Ref, The Nation Thailand
