
၄.၈.၂၀၂၅
Written by Thiri
ရေကြီးရေလျှံမှုတွေ ခံစားနေရတဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းက မြို့နယ်တချို့မှာ ရေပြန်ကျနေပြီဖြစ်ပြီး ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ ၅၆၆ စင်တီမီတာမှာရှိနေသလို စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအောက်ကို ပြန်လည်ကျဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ် ။
စစ်တောင်းမြစ်ရေက ဒီနှစ်မှာလည်း တောင်ကျမိုးရေတွေ ဝင်ရောက်မှုများခဲ့တာကြောင့် စိုးရိမ်ရေမှတ်အထက် ငါးပေခန့် မြင့်တက်ခဲ့ကာ တောင်ငူခရိုင်အတွင်းက အုတ်တွင်း၊ တောင်ငူ၊ ထန်းတပင်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့သလို လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။
မိုးလေဝသနဲ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က “တောင်ငူခရိုင်တွင်းက အဓိက ရေကြီးရေလျှံမှု ဖြစ်တဲ့နေရာတွေ လိုက်လေ့လာကြည့်တဲ့အခါ နေပြည်တော်ဘက်ကရော ပဲခူးနဲ့ ကရင်ပြည်နယ် နယ်စပ်ဘက်က တောင်တွေပေါ်ကရော အောက်ဖက်မှာဆိုရင် ရွှေကျင်၊ မဒေါက်ဘက်က တောင်တွေပေါ်က မိုးများတဲ့ အရှိန်ရယ်၊ အဓိက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မိုးရေချိန်တွေ အများကြီးရောက်လာစေတဲ့ မိုးတွေ များတာပေါ့။ အဲဒီမိုးရေတွေ ရောက်လာတော့ မြစ်ရေလျှံတက်လာတယ်” လို့ ပြောပါတယ်။

တောင်ငူမြို့က သုံးနှစ်ဆက်တိုက် ရေကြီး ရေလျှံမှုတွေကို ခံစားနေရပြီး တတ်သိနားလည်တဲ့ အရပ်ဘက်လူမှုအဖွဲ့ဝင်တွေကလည်း အဆိုပါရေကြီးရေလျှံမှု ဖြစ်စဉ်တွေ လျော့ပါး သက်သာအောင် လူနေထိုင်ရာ နေရာအပါအဝင် ကျွဲနွား စားကျက် စိုက်ပျိုးမြေဧရိယာတွေ ထိခိုက်မှု မရှိအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ အဖြေရှာနိုင်ဖို့ ကွင်းဆင်းလေ့လာနေကြတာလည်း တွေ့ရပါတယ်။
“ပြီးခဲ့တဲ့ နှစ်က တောင်ငူ ချစ်ကြည်စုကနေ ဇီးဖြူပင်အထိကို ရေတားတမံ ဖို့ထားတယ်။ ဒါပေမယ့် နိမ့်တယ်။ ရေကြီးရေလျှံတွေ ဖြစ်တော့ တမံတစ်လျှောက်ကားတွေနဲ့ သွားပြီး အလှူအတန်းတွေ လုပ်တော့ တမံပေါက်တယ်။ ဒီနှစ်မှာက တမံဘေးကနေပြီး ရေမြောင်းတူးတဲ့ ပုံစံမျိုး နဲ့ ပြုပြင်ပြီး တမံကိုမြှင့်ထားတယ်။ အဲဒီတော့ တမံဆီးတားထားတဲ့ အတွင်းဘက် လယ်ယာမြေ ကျေးရွာနဲ့ အိမ်ခြေတွေ ကွမ်းခြံတွေ တော်တော်များများပေါ့ စိုက်ပျိုးသီးနှံမြေတွေက အန္တရာယ်ကင်းပေမယ့် အပြင်ဘက်က ရေပြင်က ဧရိယာ အတော်ကျယ်သွားတယ်။ ပျက်စီးဆုံးရှုံးတယ်” လို့ ဦးဝင်းနိုင်ရဲ့ တောင်ငူခရိုင်အတွင်းကွင့်ဆင်း လေ့လာရာက လေ့လာတွေ့ရှိချက်ကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဆိုးရွားစွာကြုံတွေ့ရတဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် တောင်ငူခရိုင်အတွင်းက စိုက်ပျိုးမြေဧက ခုနစ်သောင်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပြီး တောင်သူတစ်သောင်းခွဲနီးပါးက လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုနဲ့အတူ ရေဘေးဒုက္ခ ကြုံတွေ့ခံစားခဲ့ရတာပါ။ အခုနှစ်မှာလည်း ရေဝင်ရောက်တဲ့ ဧရိယာ မနှစ်ကလောက် မဆိုးရွားပေမယ့် များပြားနေဆဲဖြစ်ပြီး စစ်တောင်းမြစ်ထဲကို စီးဝင်တဲ့ ချောင်းတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့အတွက် တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင် သုံးမြို့နယ်ရဲ့ စစ်တောင်းမြစ်ဖြတ်သွားရာ မြစ်ဝှမ်းတစ်လျှောက်မှာတော့ ရေတားတာတွေ ဒီထပ် ပိုမိုလုပ် ဆောင်ဖို့ လိုလိမ့်မယ်လို့ လည်း ဦးဝင်းနိုင်က သူ့အမြင်ကို ပြောပါတယ်။
