၄.၈.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ သူတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုအားကောင်းစေဖို့နဲ့ အမေရိကန်ဦးဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ဆောင်ရွက်လာမှုအဖြစ် သူတို့ရှုမြင်တဲ့အပေါ် တန်ပြန်ချိန်ညှိမှုပြုနိုင်ဖို့အတွက် နှစ်နိုင်ငံ ရေတပ်တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဩဂုတ်လ ၃ ရက်က ဂျပန်ပင်လယ်မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆက်ဆံမှုတွေနဲ့အတူ ရုရှားနဲ့ တရုတ်တို့ဟာ မကြာသေးမီနှစ်တွေအတွင်း နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်မှာတော့ သူတို့ရဲ့ ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။




Joint Sea-2025 လို့အမည်ပေးထားတဲ့ သူတိုနှစ်နိုင်ငံရေတပ်တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံဆိပ်ကမ်းမြို့၊ ဗလာဒီဗော့စတော့ခ်အနီး ပင်လယ်ပြင်မှာ ဩဂုတ်လ ၃ ရက်ကစလို့ သုံးရက်ကြာကျင်းပမယ်လို့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ခဲ့ပါတယ်။
နှစ်နိုင်ငံရေတပ်တွေက ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ခိုက်ရေး၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ ဒုံးကျည်ကာကွယ်ရေး စတဲ့ စစ်ဆင်ရေးတွေအပြင် ပင်လယ်ရေကြောင်းသွားလာရေးတိုက်ခိုက်မှု ကာကွယ်ရေးတို့ကိုလည်း ပူးတွဲလေ့ကျင့်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ရေတပ်က ပဲ့ထိန်းဒုံးကျည်တွေတပ်ဆင်ထားတဲ့ Shaoxing နဲ့ Urumqi ဖျက်သင်္ဘောနှစ်စီးအပါအဝင် သင်္ဘောလေးစီးပါဝင်ပြီး ရုရှားရေတပ်သင်္ဘောတွေနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်သွားမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီးမှာ နှစ်နိုင်ငံရေတပ်ဖွဲ့တွေဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ ဆက်စပ်နေတဲ့ရေပြင်တွေကို ရေကြောင်းကင်းလှည့်ကြမှာပါ။
တရုတ်နဲ့ ရုရှားတို့ဟာ ၂၀၁၂ ခုနှစ်မှ စတင်ပြီးတော့ ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နှစ် အတန်ကြာပြုလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုး တန်းတစ်လျှောက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီနှစ်စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံရဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေဖို့ ရည်ရွယ်တယ်လို့ ဩဂုတ်လ ၁ ရက်က ပြောခဲ့ပါတယ်။
Ref- AFP
