
၄. ၈. ၂၀၂၅
Translated by Thettant
ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် မီးလောင်နေသော ရုရှားစက်ရုံရှေ့တွင် ရက်ပ်သီချင်းဆိုနေသည့် TikTok ဗီဒီယိုတင်ခဲ့သော TikTok ဆယ်လီအမျိုးသမီးငယ်နှစ်ဦးကို ရုရှားအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
ရုရှားနိုင်ငံ၊ ဆိုချီမြို့ရှိ ဆိုချီလေဆိပ်အနီးမှ စစ်ဘက်ဆိုင်ရာ Rosneft-Kubannefteprodukt ရေနံသိုလှောင်ရုံကို ယူကရိန်း၏ ဒရုန်းတစ်စင်းက ဩဂုတ် ၃ ရက်နံနက် ၈ နာရီခွဲအချိန်ခန့်က တိုက်ခိုက် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး TikTokers များဖြစ်သည့် Dasha Vladimirovna (၂၁ နှစ်) နှင့် Karina Evgenyevna (၁၉ နှစ်) တို့ကို မီးလောင်နေသည့် အဆောက်အအုံရှေ့တွင် ရက်ပ်သီချင်းဆိုနေသည့် ဗီဒီယို ရိုက်ကူးထားသည်ကို တွေ့ရသည်။
ဗီဒီယိုဖိုင်တွင် ၎င်းတို့နှစ်ဦးသည် ရုရှား၏ လေကြောင်းကာကွယ်ရေးစနစ်က မတားဆီးနိုင်ခဲ့သော ယူကရိန်း၏ တိုက်ခိုက်မှုကို ဂုဏ်ပြုနေကြသည်ကို တွေ့ရသည်။ အဆိုပါ ဗီဒီယိုကို ရုရှား ရက်ပ်အဆိုတော် Endshpil ၏ Crimson Dawn သီချင်းဖြင့် တင်ခဲ့ခြင်း ဖြစ်သည်။

Dasha နှင့် Karina တို့နှင့်အတူ အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့သော်လည်း ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ရှိ၊ မရှိ မရှင်းလင်းသေးပေ။ ရဲတပ်ဖွဲ့ထုတ်ပြန်သည့် “အလိုရှိသည်” ကြေညာစာတွင် အမျိုးသမီးနှစ်ဦးကိုသာ ဖော်ပြထားသည်။
Influencer များအား မဖော်ထုတ်မီ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် “အင်တာနက် စောင့်ကြည့်မှုအတွင်း ဆိုချီတွင် မီးလောင်နေသော နောက်ခံထားကာ မိန်းကလေးနှစ်ဦး ဗီဒီယို ရိုက်ကူးနေသည့် အရာတစ်ခုကို တွေ့ရှိခဲ့သည်” ဟု ဖော်ပြထားသည်။
“ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်လိုက်ပါပြီ၊ မိန်းကလေးတွေကို ဖော်ထုတ်ဖို့ ဆောင်ရွက်နေပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဥပဒေအရ အကဲဖြတ်ပါမယ်” ဟု ထပ်မံဖော်ပြထားသည်။

နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပြီး စစ်လိုလားသူများက ဆိုချီလေဆိပ်အနီးတွင် ပြုလုပ်ခဲ့သည့် ဤလုပ်ရပ်အတွက် လူသိရှင်ကြား တောင်းပန်ရန် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့သည်။
ရုရှား၏ရိုးရာစံတန်ဖိုးများ ကာကွယ်စောင့်ရှောက်သူဖြစ်သည့် Safe Internet League အကြီးအကဲ Yekaterina Mizulina က “လူငယ်တွေက ညဘက် ဆိုချီကို ပျံသန်းလာတဲ့ ဒရုန်းတွေရဲ့ နောက်ခံမှာ Content တွေ ရိုက်ကူးနေကြတာ။ ကိုယ်တိုင် ဘေးကင်းအောင် နေထိုင်တတ်ရမယ့်ဗီဇနဲ့ ဘာတွေ မှားယွင်းနေလဲဆိုတာ အံ့သြမိတယ်။ ဒါက ရိုးရိုးရှင်းရှင်းပဲ အန္တရာယ်ရှိတယ်ဆိုတာ သူတို့ မသိကြဘူးလား” ဟု ပြောကြားခဲ့သည်။
သို့သော် ၎င်းတို့ ဖမ်းဆီးခံရခြင်း၏ အဓိကအကြောင်းရင်းမှာ ရုရှား၏ အကြီးဆုံး အပန်းဖြေစခန်းတွင် ယူကရိန်း၏ တိုက်ခိုက်မှုကို ဂုဏ်တင်မှုဖြစ်နိုင်သောကြောင့် ဖြစ်သည်။ မော်စကိုသည် စစ်ပွဲအတွင်း ယူကရိန်း၏ အောင်မြင်မှုများကို မီးမောင်းထိုးပြသည်ဟု ယူဆရသော ဆိုရှယ်မီဒီယာ လုပ်ရပ်များကို ပိုမိုပြင်းထန်စွာ တုံ့ပြန်လျက်ရှိသည်။

ယူကရိန်း အစိုးရ၏ အကြံပေး Pravda Gerashchenko က “ရုရှား Zoomer (Gen Z) တွေက ဆိုချီမှာ မီးလောင်နေတဲ့ ရေနံသိုလှောင်ရုံကို ပျော်ရွှင်နေကြတယ်။ Selfie ရိုက်ဖို့ နေရာအသစ်ပေါ့။ ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီလိုနေရာတွေ အများဆုံး ဖန်တီးဖို့ သေချာပေါက် ကြိုးစားပါလိမ့်မယ်” ဟု လှောင်ပြောင်ခဲ့သည်။
TikTokers အမျိုးသမီးနှစ်ဦးတင်ခဲ့သော Crimson Dawn သီချင်းသည် “ဂီတနှင့် hip-hop အသိုင်းအဝိုင်းမှတစ်ဆင့် လမ်းကြောင်းရှာဖွေမှု၊ ပိုင်ဆိုင်မှုနှင့် မျှော်လင့်ချက်တို့ကို ဖော်ပြသည်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ “ဘဝ၏ ရုန်းကန်မှုများကို ထင်ဟပ်စေပြီး လွတ်လပ်မှုကို တောင့်တခြင်း၊ အနုပညာဖန်တီးမှုမှတစ်ဆင့် ခွန်အားနှင့် ကိုယ်ပိုင်လက္ခဏာကို ရှာဖွေခြင်းတို့ကို ဖော်ပြသည်” ဟုလည်း ဖြည့်စွက်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၂ ရက်ညက ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ ရှေ့တန်းမြို့တော် ခါဆွန်ရှိ စစ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအတွက် အသုံးပြုသည့် အဓိကတံတားတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗီဒီယိုဖိုင်များတွင် ရုရှားလေကြောင်းတိုက်ခိုက်မှုက Dnipro မြစ်ပေါ်ရှိ အဓိက လမ်းတံတားကို Guided ဗုံးနှစ်လုံး ချကာ ဖျက်ဆီးခဲ့သည်ကို ပြသနေသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် မြို့ကို Korabel ရပ်ကွက်နှင့် ချိတ်ဆက်ထားသော တံတား ပျက်စီးခဲ့သည်။ အိမ်အနည်းငယ်နှင့် မြင့်မားသော လူနေအဆောက်အအုံတစ်ခုလည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရုရှားသမ္မတသည် ငြိမ်းချမ်းရေးကို ဆန့်ကျင်ပြီး ညဘက် ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်နေသည်။ ယင်းတိုက်ခိုက်မှုများသည် မကြာမီ တစ်ရက်လျှင် ၁၀၀၀ အထိ ရောက်ရှိလာနိုင်သည်။ ထို့ကြောင့် ခါဆွန်ဒေသအုပ်ချုပ်ရေးမှူး Oleksandr Prokudin က ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရှုပ်ထွေးမှုများကို ကိုးကား၍ Korabel ခရိုင်မှ နေထိုင်သူများကို ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။
သူက Telegram တွင် “ရန်သူ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောက်ပံ့ပို့ဆောင်ရေးတွေ ရှုပ်ထွေးသွားပါပြီ။ ဒီအကြောင်းကြောင့် အစားအစာနဲ့ တခြားပစ္စည်းတွေ ပို့ဆောင်ဖို့ ခဏတာ ခက်ခဲပါလိမ့်မယ်” ဟု ရေးသားခဲ့သည်။ ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသအနီးရှိ ခါဆွန်ပြည်နယ်ကို ရုရှားတို့က မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။
ထို့အတွက် ယူကရိန်းသည် ရုရှား၏ အဓိကအပန်းဖြေမြို့ ဆိုချီကို ဒရုန်းများဖြင့် ကြီးမားစွာ တိုက်ခိုက်ခြင်းဖြင့် လက်စားချေခဲ့သည်။ ဆိုချီတွင် ပူတင်သည် ၎င်း၏ နန်းတော်တစ်ခုကို ပြန်လည်တည်ဆောက်နေသည်ဟု ဆိုသည်။ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့သော ရေနံသိုလှောင်ရုံတွင် မီးငြှိမ်းသတ်ရန် မီးသတ်သမား ၁၂၀ ကျော် ကြိုးစားနေကြောင်း ဒေသအကြီးအကဲ Veniamin Kondratyev က ပြောကြားခဲ့ပြီး ကုဗမီတာ ၂၀၀၀ ဆံ့သော ကြီးမားသည့် လောင်စာဆီကန်ကြီး မီးလောင်နေကြောင်း ရုရှား၏ RIA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဆိုချီပင်မလေဆိပ်အနီးရှိ လောင်စာဆီသိုလှောင်ရာ အဆောက်အအုံတွင် ကြီးမားသော ပေါက်ကွဲမှု ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ကြီးမားသော မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သလို ထိုလေဆိပ်ကို ရုရှားက မကြာခဏ အသုံးပြုလေ့ရှိသည်။
Ref , The Sun Via news.com au
