
၄.၈.၂၀၂၅
Written By Thandar
အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဟာသလူရွှင်တော်ကြီး ရေဒီယိုမန်းကျော်ရဲ့ ဈာပနကို မနက်ဖြန် ဩဂုတ် ၅ ရက် နေ့လယ် ၁နာရီခွဲမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံကျော် ဟာသလူရွှင်တော် ရေဒီယိုဦးမန်းကျော်(ခ)ဦးကြည်မောင်က ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်နဲ့ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်း ၇ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။
“အဖေကတော့ ကျောက်ကပ်ပျက်စီးနေတာ တော်တော်ကြာပါပြီ။ ကျောက်ရောဂါနောက်ဆုံးအဆင့်နဲ့ ဆုံးတာပါ။ ကျောက်ကပ်တွေ ဆေးနေရတာလည်းဖြစ်ပါတယ်။ အဖေက အမောတွေဖောက်နေတာလေ။ အဖေ က အသက်က ၈၀ ကျော်ပြီမို့ အသက်ကြီးတော့ ခံနိုင်ရည် သိပ်မရှိဘူးလို့ဆိုပါတယ်။ လေဖြတ်ဝေဒနာက တော်တော်ကြာ ခံစားခဲ့ရတာပါ။ ဆယ်စုနှစ်ကျော် အထိ လေဖြတ်ပြီး နေလာခဲ့ရတာပါ”လို့ ဦးမန်းကျော်ရဲ့ သမီးဖြစ်သူ မင်းသမီး စုလဲ့ရတီက ပြောပါတယ်။
နာရေးကို လိုက်ပါပို့ဆောင်လိုသူ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ အနုပညာ ညီကိုမောင်နှမတွေအနေနဲ့ ဩဂုတ် ၅ ရက် နေ့လယ် ၁၂ နာရီမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် (၉) လမ်း၊ အပိုင်း(၃)၊ တိုက် (၁၅၅)၊ ၄ လွှာနေအိမ်ကနေ စတင် ကားတွေ ထွက်ခွာဖြစ်တယ်လို့ သိရပါတယ်။
ဦးမန်းကျော်က မြန်မာနိုင်ငံ ဟာသပညာရှင်များ နာယက၊ နိုင်ငံတော် လူမှုထူးချွန်ဆု(တတိယအဆင့်)၊ ဟာသပညာရှင်များ တစ်သက်တာဆုရှင်တစ်ဦးလည်းဖြစ်ပြီး ရှုမဝအငြိမ့်မှာတော့ ဝင်းဝင်အေး၊ ကောလိပ်မြိုင်၊ ရွှေနှင်းဆီ၊ ရှုမဝ၊ ပန်တျာတင်တင်မြင့်၊ လူရွှင်တော် ဖိုးစံမွှေးတို့နဲ့အတူ ဟာသသရုပ်ဆောင်အဖြစ် ဖျော်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။
