
၄.၈.၂၀၂၅
Written by Hey Mar
ဇူလိုင် ၃၀ ရက်နေ့ကတည်းက လူမှုကွန်ရက်မီဒီယာပေါ် လူပျောက် ကြေညာကာ ရှာဖွေနေတဲ့အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို ဒီနေ့ ဩဂုတ် ၄ ရက်နေ့ မနက်ပိုင်းမှာတော့ ချောင်းစပ်မှာ သေဆုံးလျက်သား ပြန်လည်တွေ့ရှိရပြီး တာဝန်ရှိသူတွေ ရုပ်အလောင်းကို စစ်ဆေးရာက အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာဖြစ်ကြောင်း ပေါ်ပေါက်တဲ့ ဖြစ်စဉ် တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ နမ့်လွတ် အာခါရွာအနီး မယ်ဟုတ်ချောင်းအတွင်း ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ကလေးရုပ်အလောင်း တစ်လောင်း တွေ့ရှိကြောင်း ဆက်သွယ်သတင်း ပေးပို့ချက်အရ တာဝန်ရှိသူတွေက သွားရောက် စုံစမ်းစစ်ဆေးရာ၊ အဆိုပါ ကလေးငယ်ဟာ လူပျောက် ကြေငြာရှာဖွေနေသူ ဟောင်လိတ်၊ ဝမ်ဟောင်ရပ်ကွက်က မငြိမ်းနှင်းနွယ်ဖြစ်ကြောင်း အထောက်အထားတွေအရ သိရှိအတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်က မိခင်နဲ့ အတူ နေထိုင်ကာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိခင်ဖြစ်သူ အဝတ်လျှော်နေစဉ် နေအိမ်မှ ကစားရန်ထွက်သွားခဲ့ပြီး ညနေအချိန်အထိ ပြန်ရောက်လာခြင်းမရှိတာကြောင့် လူမှုကူညီရေးအသင်းထံ ရှာဖွေပေးဖို့ အကူအညီတောင်းခံရာ ဦးလှမိုးလူမှုကူညီရေးအသင်းက လူမှုကွန်ရက် Facebook ကနေတစ်ဆင့် ဓာတ်ပုံနဲ့တကွ ရေးတင်ကာ ရှာဖွေနေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဟောင်လိတ်နယ်မြေရဲစခန်းက သံသယရှိသူ အမျိုးသားတစ်ဦးကို စစ်ဆေးခဲ့ရာ အဲဒီအမျိုးသားက ကလေးငယ်ကို မုန့်ဝယ်ကျွေးမယ်လို့ ဆိုကာ သွေးဆောင်ခေါ်ယူသွားပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ရာမှ ကလေးက အော်ဟစ်အကူအညီတောင်းခဲ့ရာ အသံမထွက်အောင် လည်ပင်းညှစ်ရင်း လက်လွန် သေဆုံးသွားခဲ့တာကြောင့် အလောင်းဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ရဲစခန်းက အမှုရေးဖွင့် တရားစွဲဆိုနိုင် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
