
၄.၈.၂၀၂၅.
Translated by Htwe Ko Tun
နယူးဇီလန်နိုင်ငံမှာ ဘတ်စ်ကားယာဉ်မောင်းတစ်ဦးက ယာဉ်ရဲ့ ကုန်ပစ္စည်းတွေထားတဲ့အပိုင်းမှာ ခရီးဆောင်အိတ်တစ်ခုအတွင်း အသက်နှစ်နစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်ရှင်လျက်တွေ့ခဲ့ပြီးတဲ့နောက်မှာတော့ အမျိုးသမီးတစ်ဦးကို ကလေးသူငယ်လျစ်လျူရှုမှုစွဲချက်နဲ့ ဩဂုတ်လ ၃ ရက်က ဖမ်းဆီးတရားစွဲခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဘတ်စ်ကားယာဉ်မောင်းဖြစ်သူက အော့ကလန်မြို့မြောက်ဘက်၊ ကေဝါကာရပ်ကွက်မှာသတ်မှတ်ထားတဲ့အတိုင်း ရပ်နားနေခိုက် ခရီးသည်တစ်ယောက်က ကုန်ပစ္စည်းခန်းထဲပစ္စည်းဝင်ယူဖို့ လုပ်ပေးနေချိန်မှာ အဆိုပါခရီးဆောင်အိတ်က လှုပ်ပြီးရွေ့နေတာကို ယာဉ်မောင်းက သတိပြုမိခဲ့တယ်လို့ စုံထောက် ဆီမွန် ဟာရီဆန်က ပြောခဲ့ပါတယ်။
ဒီမှာ ယာဉ်မောင်းက ခရီးဆောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာမှာ အသက်နှစ်နစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့ခဲ့ကြတာပါပဲ။ကလေးငယ်ဟာ အလွန်ပူအိုက်နေတဲ့ပုံသဏ္ဍာန်ရှိတာကို တွေ့ခဲ့ကြရပေမယ့် ရုပ်ပိုင်းဆိုင်ရာတော့တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ကလေးငယ်ကို ကျန်းမာရေးအတွက် ဆေးရုံတစ်ရုံကို တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက ကလေးငယ်အိတ်ထဲမှာ ထည့်ထားခံထားရတဲ့အချိန်ကာလနဲ့ ဘတ်စ်ကားက ဘယ်မြို့က ဘယ်မြို့ကိုသွားနေတာလဲဆိုတာကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။
အသက် ၂၇ နှစ်ရှိ အိတ်ပိုင်ရှင်အမျိုးသမီးကိုတော့ ကလေးငယ်တစ်ဦးကို နှိပ်စက်မှု ဒါမှမဟုတ် လျစ်လျူရှုမှု စွဲချက်နဲ့ ဒီ ဩဂုတ်လ ၄ ရက်မှာ ရုံးတင်တရားစွဲမယ်လို့ သိရပါတယ်။အမျိုးသမီးရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားမှုမရှိခဲ့ပါဘူး။
အဆိုပါဘတ်စ်ကားကုမ္ပဏီ InterCity က သူတို့ကုမ္ပဏီရဲ့ ဘတ်စ်ကားတွေမှာ အသက်သုံးနှစ်အောက် ကလေးငယ်တွေကို လူကြီးတစ်ယောက်ရဲ့ပေါင်ပေါ်မှာဖြစ်စေ ထိုင်လိုက်ပြီး အခမဲ့စီးခွင့်ပေးထားတယ်လို့ ပြောခဲ့ပါတယ်။
Ref- CNN
