
၄.၈.၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှဒေသရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး စစ်ပွဲကိုဆင်နွှဲခဲ့ကြပြီးတဲ့နောက် နှစ်နိုင်ငံမှ အဆင့်မြင့်လုံခြုံရေးအရာရှိတွေဟာ နယ်စပ်တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဆွေးနွေးပွဲကို ဩဂုတ်လ ၄ ရက်က စတင်ခဲ့ကြပါတယ်။
အထွေထွေနယ်စပ်ကော်မတီ အစည်းအဝေးလို့ဆိုတဲ့ ဒီအစည်းအဝေးက နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ နှစ်နိုင်ငံပူးပေါင်းပါဝင်ဆောင်ရွက်ရမယ့် ယန္တရားတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အခြေအနေကအထိမခံဆိုသလိုဖြစ်နေလို့ အစည်းအဝေးကို ကြားနေနိုင်ငံတစ်ခုမှာ ကျင်းပပေးဖို့ ထိုင်းဘက်ကတောင်းဆိုအပြီးမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကို ရွှေ့ပြောင်းကျင်းပခဲ့တာပါ။
ဇူလိုင်လ ၂၉ ရက်က စတင် အကျိုးသက်ရောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် နှစ်နိုင်ငံကြား ငါးရက်ကြာတိုက်ခိုက်မှုတွေက ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပေမယ့် နှစ်ဖက်စလုံးမှာပဲ နယ်စပ်ဒေသက ထောင်ပေါင်းများစွာသောပြည်သူတွေဟာ တိုက်ပွဲတွေတစ်ဖန်ပြန်စလာကြမှာစိုးလို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ခိုအောင်းနေကြရဆဲပါ။
ဩဂုတ်လ ၃ ရက်မှာတော့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘက်က နယ်စပ်ဒေသတစ်လျှောက်မှာ ရွှေ့ပြောင်းမှုတွေလုပ်ဖို့ဆိုတဲ့ အမိန့်တွေထုတ်ကာ တိုက်ခိုက်မှုအသစ်လုပ်ဖို့ အကွက်ဆင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ထိုင်းဘက်ကတော့ ဒီစွပ်စွဲချက်ဟာ ထိုင်းနိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေဖို့ တမင်သက်သက် လုပ်ဆောင်မှုလို့ဆိုပြီး ခါးခါးသီးသီး ငြင်းပယ်ခဲ့ပါတယ်။
ဩဂုတ် လ ၄ ရက်အစည်းအဝေးမှာတော့ နှစ်နိုင်ငံစလုံးက နယ်စပ်ဒေသအခြေအနေကအေးချမ်းမှုရှိတယ်လို့သုံးသပ်ကြပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ကျင့်သုံးကြမယ်လို့ ကတိပြုကြပါတယ်။ အပစ်အခတ်ရပ်စဲရေး အတွက် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် စေ့စပ်မှုပြုခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ကုန်သွယ်စည်းကြပ်ခွန် သတ်မှတ်မှုကို နှစ်နိုင်ငံလုံးအပေါ် အရှိန်အဝါတစ်ခုအနေနဲ့ အသုံးချကာ ဖိအားပေးခဲ့တာပါ။
ထိုင်းနိုင်ငံကြားဖြတ်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကလည်း အပစ် အခတ်ရပ်စဲမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နယ်စပ်ကော်မတီအစည်းအဝေးဆက်ကျင်းပဖို့ သဘောတူထားခဲ့ကြတာလို့ သိရပါတယ်။ အစည်းအဝေးကို လေးရက်အထိ တိုးချဲ့ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
Ref. The Straits Times
