
၄. ၈. ၂၀၂၅
Written by Nyein Kyaw
ဆာဗာချိုု့ယွင်းမှုကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပြန်ရာတွင် မှားယွင်းမှုအနည်းငယ် ဖြစ်ပေါ်ခဲ့သဖြင့် အချက်အလက် စိစစ်ခြင်းလုပ်ငန်းများ ပြီးစီးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနက်မှ အမှတ်စာရင်းတချို့သည့် အောင်စာရင်းနှင့် ကွဲလွဲမှုများရှိနေကြောင်း၊ တချိုကျောင်းသားများသည် အောင်စာရင်းတွင် ပါလာခဲ့သော်လည်း အမှတ်စာရင်းတွင် ကျနေခြင်းကိုတွေ့ရသလို အောင်စာရင်းတွင် မအောင်မြင်သူများ အမှတ်စာရင်းတွင် အောင်မြင်နေခြင်းကိုတွေ့ရခဲ့မှုများနှင့် အမှတ်စာရင်းတွင် ဂုဏ်ထူးထွက်နေသည့်တိုင်အောင် အောင်စာရင်းတွင် ကျရှုံးနေသည့်များ တွေ့ရှိရမှုများ လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းခဲ့မှုအပေါ် ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အပြည့်အစုံမှာ “မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို မိဘပြည်သူများနှင့် စာဖြေသူ ကျောင်းသားကျောင်းသူများအတွက် စေတနာထား၍ လျင်မြန်ချောမွေ့စွာ ထုတ်ပြန်နိုင်ရေး ကြိုးပမ်းခဲ့ရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီအချိန်တွင် စတင်ထုတ်ပေးခဲ့ပါသည်။ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အမှတ်စာရင်း ထုတ်ပေးမှုစနစ်၏ ဆာဗာချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများအတွင်း အမှတ်စာရင်း မှားယွင်းမှု အနည်းငယ် ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ်စာရင်းထုတ်ပေးမှု လုပ်ငန်းများကို ခေတ္တရပ်ဆိုင်း၍ လိုအပ်သည့် စစ်ဆေးပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် မှားယွင်းမှုဖြစ်ပေါ်ခဲ့သော အမှတ်စာရင်းများကို စိစစ်၍ ပြန်လည်ထုတ်ယူနိုင်ရေးကို ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဆာဗာစနစ်တွင် ထည့်သွင်းထားသော အချက်အလက်များကို စိစစ်လျက်ရှိပြီး လုပ်ငန်းများ ပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားထားသည်။
