
သတိုး
၂. ၈. ၂၀၂၅
မဲခေါင်မြစ်ပေါ်တွင် ပလတ်စတစ်စည်များ၊ သတ္တုအပိုင်းအစများနှင့် သစ်သားများဖြင့် ဆောက်လုပ်ထားသော ရေပေါ်အိမ်တွင်နေထိုင်သည့် လာအိုငါးဖမ်းသမား ခွန့်အတွက် ယနေ့ ငါးဖမ်းလုပ်ငန်း အဆင်ပြေခဲ့သည်။
အသက် ၅၂ နှစ်အရွယ် ခွန်က သူဖမ်းမိသော ငါးနှစ်ကောင်ကို ဂုဏ်ယူစွာပြသရင်း Al Jazeera သို့ ပြောကြားသည်မှာ “ကျွန်တော် ငါးခူနှစ်ကောင် ဖမ်းမိတယ်ဗျာ” ဟု ဆိုခဲ့သည်။
ခွန်၏ ရိုးရှင်းသော ရေပေါ်အိမ်တွင် မဲခေါင်မြစ်ပေါ်၌ နေထိုင်ရန် လိုအပ်သော ပစ္စည်းများဖြစ်သည့် သတ္တုအိုးအနည်းငယ်၊ အစားအစာချက်ပြုတ်ရန်နှင့် ညဘက်တွင် အနွေးဓာတ်ရရန် မီးဖို၊ ပိုက်ကွန်အချို့နှင့် အဝတ်အထည်အနည်းငယ်သာ ပါရှိသည်။
ခွန့်မှာ ငါး အမြဲတမ်းဖမ်းမမိသည်မှာလည်း အမှန်ပင်။
“ကျွန်တော် ဘာမှမဖမ်းမိတဲ့ နေ့တွေလည်း ရှိတယ်။ စိတ်ပျက်စရာပါပဲ။ ရေကာတာတွေကြောင့် ရေမျက်နှာပြင်က အချိန်တိုင်းပြောင်းလဲနေတယ်။ အခု မြစ်ကလည်း ညစ်ညမ်းနေတယ်လို့ ပြောကြတယ်။ မြန်မာနိုင်ငံ မြောက်ဘက်မှာ သူတို့ တောင်တွေမှာ တူးနေကြတယ်။ မိုင်းတွေလား၊ တစ်ခုခုပေါ့။ အဲဒီ အဆိပ်အတောက်တွေအားလုံး ဒီကိုရောက်လာတာပဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

◾️ မဲခေါင်မြစ်ညစ်ညမ်းမှု အခြေအနေ
ခွန်သည် မဲခေါင်မြစ်၏ အလှဆုံးအပိုင်းတစ်ခုဖြစ်သည့် ရွှေတြိဂံဒေသ (လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်ဒေသ) ကို ဖြတ်သန်းစီးဆင်းသော လာအိုနိုင်ငံ အနောက်မြောက်ပိုင်း Bokeo ပြည်နယ်တွင် နေထိုင်သည်။ ဤဝေးလံခေါင်သီသော ဒေသသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုကူးမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးရှိ ရွှေနှင့် မြေရှားဓာတ်သတ္တုများအတွက် ကမ္ဘာလုံးဆိုင်ရာ အပြိုင်အဆိုင် ရှာဖွေမှုတွင် ထိုနေရာသည်လည်း ပါဝင်နေပြီဖြစ်သည်။ ၎င်းတို့သည် နည်းပညာအသစ်များ ထုတ်လုပ်ရာတွင် အရေးပါပြီး စမတ်ဖုန်းများမှ လျှပ်စစ်ကားများအထိ အရာအားလုံးတွင် အသုံးပြုကြသည်။
လွန်ခဲ့သောတစ်နှစ်အတွင်း ထိုင်းနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းချုပ်ရေးဌာန (Pollution Control Department) ၏ အဆိုအရ ဤဒေသရှိ မဲခေါင်မြစ်၏ မြစ်လက်တက်များဖြစ်သည့် Ruak၊ Sai နှင့် Kok ကဲ့သို့သော မြစ်များသည် အာဆင်းနစ်၊ ခဲ၊ နီကယ်နှင့် မဂ္ဂဲနိစ်တို့ ပုံမှန်မဟုတ်သော ပါဝင်မှု ပမာဏကို ပြသခဲ့သည်။
အထူးသဖြင့် အာဆင်းနစ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ ဘေးကင်းရေး ကန့်သတ်ချက်များကို ကျော်လွန်ခဲ့သဖြင့် မြစ်ကမ်းဘေးရှိ ရပ်ရွာလူထုများအတွက် ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
ဤမြစ်လက်တက်များသည် မဲခေါင်မြစ်ထဲသို့ တိုက်ရိုက်စီးဝင်ပြီး ညစ်ညမ်းမှုသည် မြစ်၏ အဓိကရေစီးကြောင်း၏ အချို့နေရာများသို့ ပျံ့နှံ့သွားခဲ့သည်။ ဤသက်ရောက်မှုများကို လာအိုနိုင်ငံတွင် တွေ့ရှိခဲ့ရပြီး မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က အခြေအနေကို “အသင့်အတင့် ပြင်းထန်သည်” ဟု ကြေညာခဲ့သည်။
“မကြာသေးမီက တရားဝင်ရေအရည်အသွေး စစ်ဆေးမှုများအရ ထိုင်း-လာအို နယ်စပ်ရှိ မဲခေါင်မြစ်တွင် အာဆင်းနစ်ဓာတ်ဖြင့် ညစ်ညမ်းနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်” ဟု International Rivers အဖွဲ့၏ အရှေ့တောင်အာရှ လှုပ်ရှားမှုဒါရိုက်တာ Pianporn Deetes က Al Jazeera သို့ ပြောကြားခဲ့သည်။
Pianporn က “ဒါက စိုးရိမ်စရာဖြစ်ပြီး သတ္တုတူးဖော်မှု ဆက်လုပ်မယ်ဆိုရင် ဒီအကျပ်အတည်းရဲ့ ပထမဆုံး အခန်းကဏ္ဍပဲ ရှိပါသေးတယ်” ဟု ပြောကြားခဲ့သည်။
“ငါးဖမ်းသမားတွေက မကြာသေးမီက နာဖျားနေတဲ့ ငါးခူငယ်လေးတွေကို ဖမ်းမိခဲ့ကြတယ်။ ဒါက ဒေသတွင်း ပြည်သူ့ကျန်းမာရေးကိစ္စဖြစ်ပြီး အစိုးရတွေရဲ့ အရေးပေါ် ဆောင်ရွက်မှု လိုအပ်ပါတယ်” ဟု သူမက ထပ်လောင်းပြောသည်။

◾️ ညစ်ညမ်းမှု၏ ရင်းမြစ်
မဲခေါင်မြစ် ညစ်ညမ်းမှု၏ ရင်းမြစ်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြစ်ဖျားပိုင်းတွင် ဖြစ်သည်ဟု ယူဆရသည်။ ထိုဒေသတွင် ကမ္ဘာတစ်ဝန်းလုံးကလိုအပ်ပြီး ရှားပါးလှသည့် မြေရှားဓာတ်သတ္တုများ ရှာဖွေမှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ စည်းကမ်းမဲ့ သတ္တုတွင်း ဒါဇင်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။
ဝါရှင်တန်ရှိ National War College မှ ပါမောက္ခဖြစ်ပြီး အရှေ့တောင်အာရှ ကျွမ်းကျင်သူ Zachary Abuza က လွန်ခဲ့သောတစ်နှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရွှေနှင့် မြေရှားဓာတ် သတ္တုတူးဖော်ခြင်းကို အဓိကအာရုံစိုက်သည့် သတ္တုတွင်း အနည်းဆုံး ၁၂ ခုမှ ၂၀ အထိ တည်ထောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်တွင်း၌ စစ်ဖြစ်ပွားနေသည်မှာ လေးနှစ်ကြာမြင့်နေပြီဖြစ်ပြီး ထိုင်းနှင့်မြန်မာကြား အဓိကနယ်စပ်ဖြတ်ကျော်မြို့ဖြစ်သည့် တာချီလိတ်မြို့ကို မြန်မာအစိုးရက ထိန်းချုပ်ထားသည်မှလွဲ၍ နယ်စပ်ဒေသတွင် တရားဥပဒေမဲ့မှုများ လွှမ်းမိုးနေသည်။ ဤဒေသကို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့က ထိန်းချုပ်ထားသည်။

RCSS နှင့် UWSA နှစ်ဖွဲ့စလုံးသည် “တပ်မတော်ကို တိုက်ခိုက်နေခြင်းမရှိပါ” ဟု Abuza က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဖွဲ့စလုံးသည် ဒေသတွင်း ပရမ်းပတာအခြေအနေအကြား သတ္တုတွင်းများ ဖွင့်လှစ်ရန် အလျင်စလိုလုပ်ဆောင်မှုတို့မှတစ်ဆင့် ကြွယ်ဝသော လက်နက်ကိုင်များဖြစ်လာရန် အလုပ်များနေသည်ဟု ရှင်းပြခဲ့သည်။
“ဒီလို အာဏာထိန်းချုပ်မှု ကင်းလွတ်တဲ့အခြေအနေမျိုးမှာ သတ္တုတူးဖော်မှုတွေ အလွန်အကျွံဖြစ်လာခဲ့တယ်။ ဖြစ်နိုင်ခြေရှိတာက တရုတ်ကုန်သည်တွေ ပါဝင်တယ်။ နေပြည်တော်အစိုးရက ခွင့်ပြုမိန့်တွေ ထုတ်ပေးနိုင်ခြင်း မရှိသလို ပတ်ဝန်းကျင်စည်းမျဉ်းတွေကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူး” ဟု Abuza က ပြောကြားခဲ့သည်။
◾️ ရေကာတာများ၏ သက်ရောက်မှု
သတ္တုတူးဖော်မှုကြောင့်ဖြစ်သော ရေသယံဇတာညစ်ညမ်းမှုသည် မဲခေါင်မြစ်၏ တစ်ခုတည်းသော ရောဂါမဟုတ်ပေ။
နှစ်ပေါင်းများစွာကြာအောင် မြစ်၏ကျန်းမာရေးသည် ၎င်း၏သဘာဝ စီးဆင်းမှုနှင့် ဂေဟစနစ်ကို သိသိသာသာ ပြောင်းလဲစေခဲ့သော ရေအားလျှပ်စစ်ဆည်များ ဆက်တိုက်တည်ဆောက်လာမှုကြောင့် ဆိုးရွားလာခဲ့သည်။
မဲခေါင်မြစ်၏ မြစ်ဖျားပိုင်း တရုတ်နိုင်ငံအတွင်းတွင် Xiaowan နှင့် Nuozhadu ရေကာတာများအပါအဝင် ကြီးမားသော ရေအားလျှပ်စစ်ဆည် တစ်ဒါဇင်ခန့်ကို တည်ဆောက်ခဲ့ပြီး ၎င်းတို့သည် မြစ်ရေစီးဆင်းမှု၏ ကြီးမားသောပမာဏကို ထိန်းသိမ်းထားနိုင်သည်ဟု ဆိုသည်။
မြစ်အောက်ပိုင်းတွင် လာအိုနိုင်ငံသည် ၎င်း၏စီးပွားရေး အနာဂတ်ကို ရေအားလျှပ်စစ်အပေါ်တွင် မှီခိုထားသည်။
ဝါရှင်တန်ဒီစီရှိ Stimson Centre သုတေသနဌာနမှ လက်ခံကျင်းပသည့် Mekong Dam Monitor ၏ အဆိုအရ မဲခေါင်မြစ်၏ မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇၅ ခုအနည်းဆုံး လည်ပတ်နေပြီး လာအိုနိုင်ငံရှိ Xayaburi နှင့် Don Sahong ဟူသော ရေကာတာနှစ်ခုသည် မြစ်ရေစီးကြောင်းပေါ်တွင် တိုက်ရိုက်တည်ရှိသည်။

◾️ ဂေဟစနစ်အပေါ် သက်ရောက်မှု
ရေအားလျှပ်စစ်သည် ကျောက်မီးသွေးထက် ပိုမိုသန့်ရှင်းသော ရွေးချယ်မှုဖြစ်သည်။
သို့သော် မဲခေါင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်ရန် အလျင်စလိုလုပ်ဆောင်မှုသည် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။
WWF နှင့် မဲခေါင်မြစ်ကော်မရှင်တို့၏ အဆိုအရ မဲခေါင်မြစ်ဝှမ်းသည် တစ်ချိန်က လူဦးရေ သန်း ၆၀ ခန့်ကို ထောက်ပံ့ခဲ့ပြီး ကမ္ဘာ့ရေချိုငါးဖမ်းလုပ်ငန်း၏ ၂၅ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးခဲ့သည်။
ယနေ့ခေတ်တွင် မဲခေါင်မြစ်ရှိ ငါးမျိုးစိတ်ငါးမျိုးတွင် တစ်မျိုးသည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မြစ်၏မြေဆီလွှာနှင့် အာဟာရစီးဆင်းမှု သိသိသာသာ လျော့နည်းလာခဲ့ကြောင်း ၂၀၂၃-၂၀၂၄ Mekong Dam Monitor အစီရင်ခံစာနှင့် International Rivers ၏ သုတေသနများက မှတ်တမ်းတင်ထားသည်။
“မဲခေါင်မြစ်အတွင်း ငါးကောင်ရေ သိသိသာသာ လျော့ကျလာမှုသည် ဤထူးခြားဆန်းကြယ်ပြီး အလွန်အရေးကြီးသော မျိုးစိတ်များကို ကယ်တင်ရန် အရေးပေါ် သတိပေးချက်တစ်ခု ဖြစ်သည်၊ ၎င်းတို့သည် ဒေသတွင်း လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများကိုသာမက မဲခေါင်မြစ်၏ ရေချိုဂေဟစနစ်များ၏ ကျန်းမာရေးကိုပါ အထောက်အကူပြုသည်” ဟု ၂၀၂၄ ခုနှစ်က ထုတ်ဝေခဲ့သော The Mekong’s Forgotten Fishes အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်ရာတွင် WWF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Lan Mercado က ပြောကြားခဲ့သည်။

◾️ ဒေသခံများ၏ ဘဝအပေါ် သက်ရောက်မှု
Bokeo ပြည်နယ်၏ မြို့တော်ဖြစ်သည့် Houayxay တွင် မကြာသေးမီက သွားရောက်ခဲ့ရာ ဈေးများတွင် ငါးများကို မတွေ့ရသလောက်ပင် ဖြစ်သည်။
မြို့၏ အဓိကဈေးဖြစ်သော Kad Wang View တွင် ငါးဆိုင်များသည် လူရှင်းနေသည်။
“ဒီနေ့ ညနေ၊ ဒါမှမဟုတ် မနက်ဖြန်လောက်မှ ရောက်မယ်ထင်တယ်” ဟု အသက် ၆၀ အရွယ် ငါးစျေးသည် Mali က ပြောသည်။ သူမရှေ့တွင် Mali သည် သူမ၏ ငါးအနည်းငယ်ကို စက်ဝိုင်းပုံစံ စီထားပြီး ဖြစ်နိုင်ခြေရှိသော ဝယ်သူများအတွက် ပိုမိုပြည့်စုံသော ပုံစံမျိုး မြင်စေရန် မျှော်လင့်နေပုံရသည်။
Houayxay မြို့အပြင်ဘက်ရှိ Sydonemy အခြားဈေးတစ်ခုတွင်လည်း အခြေအနေက အတူတူပင်။ ငါးဆိုင်များသည် ဗလာနတ္တိပင်။
“တစ်ခါတလေ ငါးတွေလာတယ်၊ တစ်ခါတလေ မလာဘူး။ ကျွန်တော်တို့ စောင့်နေရုံပဲ” ဟု အခြားကုန်သည်တစ်ဦးက ပြောသည်။
“ဒီမှာ အရင်က ငါးကြီးတွေ ရှိခဲ့ဖူးတယ်” ဟု ငါးဖမ်းမိသားစုမှ ဆင်းသက်လာခဲ့သော်လည်း ယခုအခါ တက္ကစီမောင်းသူအဖြစ် လုပ်ကိုင်နေသည့် ၅၃ နှစ်အရွယ် Vilasai က ပြန်ပြောင်းပြောပြသည်။
“အခု မြစ်က နည်းနည်းပဲ ပေးတော့တယ်။ စိုက်ပျိုးရေကိုတောင် လူတွေက သုံးဖို့ ကြောက်နေကြတယ်။ သန့်ရှင်းသေးလား ဘယ်သူမှ မသိဘူး” ဟု မြန်မာနိုင်ငံ၏ မိုင်းများမှ ညစ်ညမ်းမှုကို ရည်ညွှန်း၍ Al Jazeera သို့ ပြောကြားခဲ့သည်။
◾️ မြစ်၏ သဘာဝစက်ဝန်း ပြောင်းလဲခြင်း
ဝစ္စကွန်ဆင်-မက်ဒီဆင် တက္ကသိုလ်မှ ပထဝီဝင်နှင့် အရှေ့တောင်အာရှ လေ့လာရေး ပါမောက္ခ Ian G Baird က မြစ်ဖျားပိုင်း ရေကာတာများအထူးသဖြင့် တရုတ်နိုင်ငံရှိ ရေကာတာများသည် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံရှိ မြစ်အောက်ပိုင်းတွင် ဆိုးရွားသော သက်ရောက်မှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
“ဂေဟစနစ်နဲ့ မြစ်ပေါ်မှာ မှီခိုနေထိုင်တဲ့ သက်ရှိတွေက သီးခြားရေအားလျှပ်စစ်အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် တိုးတက်လာခဲ့တာပါ” ဟု Baird က Al Jazeera သို့ ပြောကြားခဲ့သည်။
“ဒါပေမဲ့ ရေကာတာတွေ ဆောက်ပြီးကတည်းက အဲဒီအခြေအနေတွေက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။ အခုဆိုရင် မိုးခေါင်ရာသီမှာ ရေမျက်နှာပြင် အပြောင်းအလဲ မြန်ဆန်တာတွေက အရင်က ရှားပေမယ့် အခု ပုံမှန်လိုဖြစ်နေပြီ။ ဒါက မြစ်နဲ့ လူတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
အခြားအဓိကသက်ရောက်မှုတစ်ခုမှာ ရေကာတာများက ရေသိုလှောင်မှုကြောင့် မြစ်၏သဘာဝစက်ဝန်း ပြောင်းပြန်လှန်ခြင်းပင်ဖြစ်သည်။
“အခုဆိုရင် မိုးခေါင်ရာသီမှာ ရေပိုများပြီး မိုးရာသီမှာ ရေနည်းသွားတယ်။ ဒါက ရေကြီးမှုကို လျှော့ချပြီး နှစ်စဉ်ရေကြီးမှုရဲ့ အကျိုးရှိတဲ့ ဂေဟဗေဒဆိုင်ရာ သက်ရောက်မှုတွေကို လျှော့ချပေးတယ်။ ရေကာတာတွေက မိုးရာသီမှာ ရေကိုထိန်းထားပြီး ခြောက်သွေ့ရာသီမှာ စွမ်းအင်ထုတ်လုပ်မှုနဲ့ အမြတ်အစွန်းကို အမြင့်ဆုံးရရှိဖို့ ထုတ်လွှတ်တယ်။ ဒါပေမဲ့ ဒါက ရာသီအလိုက် ရေလွှမ်းမိုးခံရတဲ့ သစ်တောတွေကို ဖျက်ဆီးပြီး မြစ်ရဲ့ ဂေဟစနစ်လုပ်ဆောင်ချက်ကိုလည်း ထိခိုက်စေတယ်” ဟု ဟု Baird က ရှင်းပြသည်။
◾️ ရေပေါ်နေထိုင်သူများရဲ့ မနက်ဖြန်အတွက် မျှော်လင့်ချက်
၄၅ နှစ်အရွယ် Bun Chan သည် ၎င်း၏ဇနီးဖြစ်သူ ၄၀ နှစ်အရွယ် Nanna Kuhd နှင့်အတူ Houayxay အနီးရှိ ရေပေါ်အိမ်တစ်လုံးတွင် နေထိုင်သည်။ သူက ငါးဖမ်းပြီး ၎င်း၏ဇနီးက ဖမ်းမိသမျှကို ဒေသတွင်းဈေးတွင် ရောင်းချသည်။
မကြာသေးမီက နံနက်ခင်းတစ်ရက်တွင် သူသည် ၎င်း၏ပိုက်ကွန်ကို အကြိမ်ကြိမ်ချခဲ့သော်လည်း ဘာမှမရခဲ့ပေ။
“ဒီနေ့တော့ ဘာမှ ဖမ်းမိမယ့်ပုံမပေါ်ဘူး” ဟု Bun Chan က ၎င်း၏ဗလာပိုက်ကွန်ကို ဆွဲတင်ရင်း Al Jazeera သို့ ပြောကြားခဲ့သည်။
“တစ်နေ့ကတော့ နည်းနည်း ဖမ်းမိခဲ့ပေမယ့် ကျွန်တော်တို့ မရောင်းခဲ့ဘူး။ ရေထဲထားတဲ့ ငါးဖမ်းလှောင်အိမ်တွေထဲမှာ ထည့်ထားတယ်၊ ဒါမှ ငါးထပ်မဖမ်းမိရင် စားစရာရှိမှာပေါ့” ဟု ၎င်းက ပြောသည်။
အသက် ၆၇ နှစ်အရွယ် တံငါသည် Hom Phan သည်လည်း သူ၏သစ်သားလှေကို မြစ်တစ်လျှောက်တွင် သွားနေကြလမ်းကြောင်းအတိုင်း မောင်းနှင်နေသည်။ မြစ်၏အချို့နေရာများတွင် ရေစီးကြောင်းသည် အရာအားလုံးကို အောက်သို့ ဆွဲချသွားနိုင်လောက်အောင် အားကောင်းနေသည်ဟု ၎င်းက ပြောသည်။
ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုကို ၎င်း၏အင်ဂျင်ငယ်လေးအသံနှင့် ဝေးကွာသောနေရာများက ကြားနေရသည့် ငှက်သံများကသာ ဖြိုခွဲနေသည်။
“မြစ်ရေက အရင်ကဆိုရင် ဘယ်အချိန်တက်၊ ဘယ်အချိန်ကျမယ်ဆိုတာ ကြိုမှန်းလို့ရတယ်။ အခုဆို ဘယ်အချိန်တက်မလဲ၊ ဘယ်အချိန်ကျမလဲဆိုတာ မသိတော့ဘူး” ဟု Hom Phan က ပြောသည်။
“ငါးတွေက ဥချဖို့နေရာ မတွေ့တော့ဘူး။ သူတို့တွေ ပျောက်ကွယ်နေကြပြီ။ ဘာမှမပြောင်းလဲဘူးဆိုရင် ကျွန်တော်တို့လည်း ပျောက်ကွယ်သွားနိုင်တယ်” ဟု ယင်းက Al Jazeera သို့ ဆက်လက် ပြောခဲ့သည်။
ထိုနည်းတူ Houayxay မြို့တွင် ညနေစောင်းလာသည်နှင့်အမျှ ငါးဖမ်းသမား ခွန်သည် ၎င်း၏ပိုက်ကွန်များကို လိပ်ပြီး ၎င်း၏ရေပေါ်အိမ်တွင် ညစာပြင်ဆင်နေသည်။
မီးမွှေးပြီး အစားအစာချက်ပြုတ်ရန် စောင့်ဆိုင်းနေစဉ်တွင် ၎င်းနေထိုင်ရာ ကြီးမားသောမြစ်ကို တိတ်ဆိတ်စွာ ဆင်ခြင်မိသည်။
တရုတ်နိုင်ငံရှိ ရေကာတာများ၊ အိမ်နီးချင်း မြန်မာနိုင်ငံရှိ မိုင်းများမှ ညစ်ညမ်းမှုများနှင့် ရှင်သန်ရန် မှီခိုနေရသော ငါးဖမ်းရခြင်း ပိုမိုခက်ခဲလာသော်လည်း ခွန်သည် ၎င်း၏နောက်တစ်ရက် ငါးဖမ်းခြင်းအလုပ်ကို စဉ်းစားရင်း အပြင်ပန်းအသွင်မှာမူ အေးဆေးတည်ငြိမ်နေပုံရသည်။
သူ၏နေအိမ်အောက် နက်ရှိုင်းစွာ စီးဆင်းနေသော ရေကို စိုက်ကြည့်ရင်း ပြုံးလျက် ၎င်းက ပြောသည်မှာ “မနက်ဖြန် ထပ်ကြိုးစားကြတာပေါ့” ဟု ဖြစ်သည်။
Photo – Credit
( Al Jazeera သတင်းဌာနက ဖော်ပြသည့် Myanmar’s lawless mining blamed for dangerous pollution in Mekong River ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ် ပြန်ဆိုထားပါသည်)
