သက်တံ့
၄. ၅. ၂၀၂၆
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့နေ့လယ်ပိုင်းအချိန်က မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်တစ်စီး ကားဘီးပေါက်သဖြင့် ယာဥ်နောက်လိုက်က ကားဘီးလဲစဥ် လေအိတ်ပေါက်ကာ ကားပိရာမှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးသည်။
ဖြစ်စဥ်မှာ ယနေ့ မေလ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ယာဉ်မောင်းပါ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၄)ဦး၊ စုစုပေါင်း(၂၈)ဦး လိုက်ပါလာသော YGN-6/ 1P-5657 Scania အမျိုးအစား မြတ်မန္တလာထွန်းခရီးသည်တင်ယာဉ်သည် မန္တလေးမှ နေပြည်တော် (အပြန်လမ်း) အတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၃၄၃/၄-၅)ကြားအရောက်တွင် နောက်ယာဘီးပေါက်သောကြောင့်ယာဥ်နောက်လိုက်မှာ ကားအောက်သို့ဝင်၍ စပါယ်ယာဘီးလဲလှယ်နေချိန်တွင် ကားလေအိတ်ပေါက်ကာ မျက်နှာပေါ်သို့ပိမိပြီး ပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ)ရရှိခဲ့သဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ဝန်ထမ်းများက ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကယ်ထုတ်ပြီးနောက် ရွှေမေတ္တာလူမှုကူညီရေးအသင်းယာဥ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပလူနာဌာနသို့အရောက်တွင် လူနာမှာ သေဆုံးသွားကြောင်း သိရသည်။
ထို့အတွက် အမြန်လမ်းပေါ်တွင် မောင်းနှင်စဥ် စက်ချို့ယွင်းသွားသောယာဥ်များအားလုံးအနေဖြင့် အမြန်လမ်းပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေးမြေသားပေါ်သို့ မဖြစ်မနေရွှေ့ပြောင်းရန်နှင့် ယာဥ်ကိုတတ်ကျွမ်းနားလည်သည့် လေ့ကျင့်ထားသူ/ ဝပ်ရှော့ဆရာများဖြင့်သာပြုပြင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။



