သက်တံ့
၄. ၅. ၂၀၂၆
အမေရိကန်၏ တားဆီးပိတ်ဆို့မှု (Blockade) ကို ချိုးဖောက်ရန် ကြိုးပမ်းသည်ဟုဆိုကာ သိမ်းဆည်းခံထားရသည့် အီရန်နိုင်ငံပိုင် ကုန်သေတ္တာတင်သင်္ဘော MV Touska ပေါ်မှ သင်္ဘောသား ၂၂ ဦးကို နေရပ်ပြန်နိုင်ရန်အတွက် ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။
အမေရိကန်ဘက်က ယခုလုပ်ဆောင်ချက်ကို “ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ အစီအမံ” (Confidence-building measure) တစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောသားများကို တနင်္ဂနွေနေ့ညပိုင်းတွင် လေကြောင်းဖြင့် ပါကစ္စတန်သို့ ပို့ဆောင်ခဲ့ကာ ယနေ့ (တနင်္လာနေ့) တွင် အီရန်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှု (Sanctions) ခံထားရသည့် အီရန်နိုင်ငံပိုင် IRISL အုပ်စုဝင် MV Touska သင်္ဘောသည် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က အိုမန်ပင်လယ်ကွေ့ရှိ အီရန်နိုင်ငံ ချာဗာဟာ (Chabahar) ဆိပ်ကမ်းအနီးတွင် အမေရိကန်တပ်ဖွဲ့များ၏ တက်ရောက်စီးနင်း သိမ်းဆည်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ အဆိုအရ အဆိုပါသင်္ဘောသည် ၆ နာရီကြာ သတိပေးချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ထိန်းသိမ်းခြင်းဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်အပတ်ကလည်း အဆိုပါသင်္ဘောပေါ်ပါလာသည့် ခရီးသည် ၆ ဦး (သင်္ဘောသားများ၏ မိသားစုဝင်များဖြစ်ကြောင်း အီရန်မီဒီယာများက ဆိုသည်) ကို အခြားဒေသတွင်းနိုင်ငံတစ်ခုသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် သင်္ဘောကိုလည်း မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရန်အတွက် ပါကစ္စတန်ရေပိုင်နက်အတွင်းသို့ ရွှေ့ပြောင်းလျက်ရှိပြီး လိုအပ်သော ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုလွှဲပြောင်းမှုသည် အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံး၏ ပူးပေါင်းမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပါကစ္စတန်က ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့ပြီးနောက် လွန်ခဲ့သော ၄ ပတ်ခန့်က အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ပင်လယ်ပြင်တွင် ကုန်သွယ်ရေးသင်္ဘောများ သိမ်းဆည်းမှုမှာ ဆက်ရှိနေခဲ့သည်။ ပါကစ္စတန်နိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြားဝင်စေ့စပ်ပေးသူ (Mediator) အဖြစ် ဆက်လက်ဆောင်ရွက်နေပြီး ယခုဖြစ်ရပ်သည် ဆွေးနွေးမှုများအတွက် အလားအလာကောင်းတစ်ခု ဖြစ်လာနိုင်သည်ဟု မျှော်လင့်ရသည်။
Ref : Reuters & Al Jazeera
