သက်တံ့
၄. ၅. ၂၀၂၆
အဂတိလိုက်စားမှုများ၊ မဲမသမာမှုများနှင့် တည်ဆဲဥပဒေ ကျူးလွန်ချိုးဖောက်မှုအများအပြားဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်သည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက ကြိုဆိုလိုက်သလို ယင်းလုပ်ဆောင်မှုမှာ အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်ကြောင်းနှင့် အာဆီယံနှင့် မြန်မာနိုင်ငံအကြား တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံသွားမည့်မူကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Khaosod က ယနေ့ ဖော်ပြသည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek က ယခုလုပ်ဆောင်ချက်မှာ တိုးတက်မှုရှိလာခြင်းကို ရောင်ပြန်ဟပ်နေကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို အထောက်အကူပြုနိုင်ရန် ဒေသတွင်းအဖွဲ့အစည်းအတွင်း “သင့်လျော်ပြီး တစ်ဆင့်ချင်းစီသွားမည့် ထိတွေ့ဆက်ဆံမှုများ” ကို မြှင့်တင်ရန် ထိုင်းနိုင်ငံက အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ၏ ခရီးစဉ်ကိုလည်း ပြောရေးဆိုခွင့်ရှိသူက ရည်ညွှန်းပြောဆိုခဲ့သည်။ အဆိုပါတွေ့ဆုံမှုမှာ အပြုသဘောဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေး၊ နယ်စပ်လုံခြုံရေးနှင့် မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် နောက်ထပ် အပြုသဘောဆောင်သည့် အစီအမံများ ဆက်လက်ရှိလာနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဓိကအချက်နှစ်ချက်ကိုလည်း အလေးပေးဖော်ပြခဲ့သည်။ ထိုနှစ်ချက်မှာ
၁။ မြန်မာနှစ်သစ်ကူးကာလအတွင်း သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းကို ကြိုဆိုပြီး၊ တည်မြဲသောငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
၂။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုပြန်လည်ရရှိရန် ရည်ရွယ်၍ လက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ကြိုဆိုပြီး၊ ထိုင်းနိုင်ငံအနေဖြင့် ယင်းကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ အာဆီယံတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာဘက်က အရိပ်အယောင်ပြခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။
“ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒေသတွင်းတည်ငြိမ်မှုအတွက် အာဆီယံမူဘောင်အတွင်းကနေ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမယ့် သင့်လျော်ပြီး တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံသွားမယ့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာပါ” ဟု Ratchada က အတည်ပြုပြောကြားခဲ့သည်။
Ref: Khaosod English
