◾ မဟာဝါဠုကာရာမကျောင်းတိုက်မှ ငယ်ဖြူကျောင်းထိုင်ဆရာတော်ကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်လိုက်သော PDF အဖွဲ့ဖြစ်ဟု ဆို





နေမိုး
၄. ၅. ၂၀၂၆
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ သံဃာပါမရှောင် သတ်ဖြတ်နေတဲ့ တောင်သာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မင်းသားကြီးစစ်ကြောင်းအဖွဲ့ဟာ တပ်မတော်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ရဲ့ ဒီနေ့မနက်ခင်းအချိန်မှာ ကင်းပုန်းဝပ်ချေမှုန်းမှုကြောင့် PDF ဆယ်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားသလို ခုန်ချ ထွက်ပြေးနိုင်ခဲ့တဲ့ PDF တစ်ဦးကလည်း ပုန်းခိုရာအထိ ပြေးနိုင်ပေမဲ့ ရရှိဒဏ်ရာကြောင့်ပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ မေလ ၄ ရက် နံနက် ၉ နာရီ အချိန်ခန့်မှာ တောင်သာမြို့နယ်၊ သံဘိုရွာမ ကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေချိန် တောင်သာ PDF တွေရဲ့ ခိုးဆိုးလုယက်သတ်ဖြတ်မှုကို ရင်စည်းခံနေရတဲ့ ပြည်သူတွေက တောင်သာတပ်ရင်းက PDF တွေ 4 Wheel မော်တော်ယာဥ်နဲ့ ရွှေစည်ကြီးကျေးရွာဘက်ကနေ သံဘိုရွာမဘက် မောင်းနှင်လာနေတယ်လို့ တိတိကျကျ သတင်းပေးတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ် စောင့်ကြိုတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားပြီး PDF ဆယ်လောင်း အသေမိခဲ့ပါတယ်။
တိုက်ပွဲအတွင်း တောင်သာ PDF ဆယ်လောင်းအပြင် MA-1 (၃)လက်၊ MA-3 (၁)လက်၊ Type -81 (၁ )လက်၊ BA-63 (၁)လက်၊ BA-100 (၁)လက်၊ ၆၀ မမ (BA-100) ဗုံးသီး (၅)လုံး၊ လက်ပစ်ဗုံး (၃)လုံး၊ ကျည်ကာဦးထုပ် (၉)လုံး၊ ကျည်ကာ အင်္ကျီ (၇)ထည်၊ ကျည်ဘောက်မျိုးစုံ (၈) ဘောက်၊ 4 Wheel Extra Cub မော်တော်ယာဥ်တစ်စီး သိမ်းပိုက်ရရှိခဲ့ပြီး သေဆုံးကုန်တဲ့ PDF အလောင်းတွေကိုတော့ သူတို့စီးလာတဲ့ယာဥ်နဲ့အတူ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
တောင်သာမှာ ကြီးစိုးနေတဲ့ ဒီလက်နက်ကိုင်အဖွဲ့ဟာ မနှစ်က ဖေဖော်ဝါရီမှာ တပ်ရင်းမှူးဆရာကျောင်း တပ်မတော်ရဲ့ ချေမှုန်းမှုနဲ့ သေဆုံးပြီးကတည်းက ဒုတပ်ရင်းမှူး မင်းသားကြီးက ဦးဆောင်နေတာဖြစ်ပြီး လက်ရှိမှာတော့ မင်းသားကြီးစစ်ကြောင်းအမည်နဲ့ လှုပ်ရှားနေပါတယ်။ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်းဟောင်းကို ဖမ်းဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် မေလ ၂ ရက်ကလည်း တောင်သာမြို့နယ်၊ချောင်းပေါက်ရွာက မဟာဝါဠုကာရာမကျောင်းတိုက်ရဲ့ ငယ်ဖြူ ကျောင်းထိုင်ဆရာတော်ဦးစန္ဒာဝရကို ဒလန်လို့ စွပ်စွဲပြီး မျက်နှာကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားခဲ့တဲ့အဖွဲ့လို့လည်း ကနဦးသိရပါတယ်။
ဓာတ်ပုံ – မှိုင်းဝေ
