
၄.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသော သင်္ဘောများကို ရေလက်ကြားမှ ထွက်ခွာနိုင်ရန် မေလ ၄ ရက်နံနက်မှစ၍ Project Freedom စစ်ဆင်ရေးနှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်၏ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂေးက ဥပဒေစိုးမိုးရေးကို လိုက်နာသော နိုင်ငံများအနေဖြင့် အမေရိကန်၏ “တရားမဝင်လုပ်ရပ်များ” ကို လိုက်နာရန် အကြောင်းမရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။ တရားဝင် Mehr သတင်းဌာနမှ ထုတ်ဝေထားသော ကြေညာချက်တစ်ခုတွင် ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂေးက အီရန်သည် ရေလက်ကြား၏ အုပ်ထိန်းသူနှင့် ကာကွယ်သူ အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့သည်။
အီရန်စစ်ဘက်ကလည်း အမေရိကန် တပ်ဖွဲ့များ ဟော်မုဇ်ရေလက်ကြားထဲသို့ ဝင်ရောက်ပါက တိုက်ခိုက်ရလိမ့်မည်ဟု တုံ့ပြန်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အီရန်ဗဟိုစစ်တိုင်းဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် အလီ အဗ္ဗဒိုလာဟီ ၏ ကြေညာချက်တွင် ရေလက် ကြားသို့ ချဉ်းကပ်ရန် သို့မဟုတ် ဝင်ရောက်ရန် ကြိုးစားသော နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့ များ၊ “အထူးသဖြင့် ရန်လိုသော အမေရိကန်တပ်မတော်” ကို တိုက်ခိုက်ရလိမ့်မည်ဟု ဖော်ပြထားသည်။
ဗိုလ်ချုပ် အလီ အဗ္ဗဒိုလာဟီက အီရန်သည် ရေလက်ကြားကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ဘေးကင်းစွာဖြတ်သန်းသွားလာရေးကို မည်သည့်အခြေအနေတွင်မဆို ၎င်းတို့ နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း ကြေညာချက်တွင်ပြောခဲ့သည်။
ထိုကြေညာချက်ကို အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB မှ ထုတ်လွှင့်ခဲ့သည်။
သတိပေးချက်အနေဖြင့် အမေရိကန်စစ်တပ်ကလည်း ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘောများ၊ မြေပြင်နှင့် ရေပြင်အခြေစိုက် လေယာဉ် ၁၀၀ ကျော်၊ ဘက်စုံသုံး မောင်းသူမဲ့ပလက်ဖောင်းများနှင့် ဝန်ထမ်း ၁၅၀၀၀” သည် “Project Freedom” ကို ထောက်ပံ့ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Ref- BBC
