၄.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသည် အရှေ့အလယ်ပိုင်းဒေသ စံတော်ချိန် မေလ ၄ ရက် နံနက်မှစ၍ ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသော သင်္ဘောများကို ရေလက်ကြားမှ ထွက်ခွာနိုင်ရန် လမ်းညွှန်ဆောင်ရွက်ပေးတော့မည်ဟု အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ပြောကြားခဲ့ကြောင်းသိရသည်။
ထရမ့်ပ်က “အီရန်၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးအတွက်၊ ကျွန်တော်တို့က ဒီနိုင်ငံတွေကို သူတို့ရဲ့သင်္ဘောတွေကို ဒီကန့်သတ်ထားတဲ့ ရေလမ်းကြောင်းတွေကနေ ဘေးကင်းစွာ လမ်းညွှန်ပေးမယ်လို့ ပြောခဲ့ပါပြီ” ဟု မေလ ၃ ရက်က လူမှုမီဒီယာပို့စ်တစ်ခုမှာ ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် မည်သည့်နိုင်ငံများက ဤအကူအညီကို ရရှိမည်ကို ၎င်းက အတိအကျ မဖော်ပြခဲ့ပေ။
ဤရေလက်ကြားက ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သင်္ဘောများနှင့် ကုန်သေတ္တာတင်သင်္ဘောများအတွက် အရေးပါသော ပင်လယ်ကွေ့ဒေသ၏ အဓိကကျသည့် သင်္ဘောလမ်းကြောင်းတစ်ခုဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲ အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများစစ်ပွဲအတွင်း ဖြစ်ပေါ်ခဲ့ပြီး ရေလက်ကြားကို ရက်သတ္တပတ်များစွာ ပိတ်ဆို့ခံခဲ့ရသည်။
ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့်လည်း အီရန်စစ်ပွဲစတင်သည်မှစ၍ သင်္ဘောသား ၂၀,၀၀၀ ခန့်နှင့် သင်္ဘောစင်းရေ ၂,၀၀၀ ခန့်မှာ ရေလက်ကြားမှ မထွက်ခွာနိုင်ဘဲ ပိတ်မိနေရသည်ဟူ၍ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းသွားလာရေးအဖွဲ့၏ အကြီးအကဲက လွန်ခဲ့သောအပတ်က ပြောခဲ့သည်။
အမေရိကန်သမ္မတက ထိုစစ်ဆင်ရေးကို “Project Freedom” ဟု အမည်ပေးခဲ့ပြီး ၎င်းအပေါ် ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် တုံပြန်ကိုင်တွယ်မည်ဟု သတိပေးခဲ့သည်။
အမေရိကန်စစ်ဘက်က စစ်ဆင်ရေးတွင် ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘောများ၊ မြေပြင်နှင့် ပင်လယ်ပြင် အခြေစိုက် လေယာဉ် ၁၀၀ ကျော်နှင့်တပ်ဖွဲ့ဝင် ၁၅,၀၀၀ ပါဝင်မည်ဟု ပြောခဲ့သည်။
သို့သော်အီရန်အကြီးတန်းဥပဒေပြုအမတ်တစ်ဦးနှင့် အီရန်တော်လှန်ရေးအစောင့်တပ်၏ တပ်မှူးဟောင်း အီဘရာဟင် အဇီဇီက အမေရိကန်၏ မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမဆို အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref-BBC
