Photo-Yangon Region Government News
၄.၅.၂၀၂၆
Written by Linn Eain
Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ MFF Futsal Stadium(သုဝဏ္ဏ)တွင် မေ ၄ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရွေးချယ်ထားသည့် ကျောင်းသားလူငယ်များ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဝင်များ၊ အားကစားသမားများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားခဲ့ပြီး ဘောလုံးသင်တန်းတက်ရောက်လာသည့် ကလေးငယ်များကို ဘောလုံးများဝေငှခဲ့ကြောင်း သိရသည်။

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းများကို မေ ၄ ရက်ကစတင်၍ မြို့နယ် (၂၀) မြို့နယ်တို့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တွင်ပါရှိသည့် ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်းပြီး အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကို ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပေါင်းစပ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာနမှ သိရသည်။






