.”ငါးနှစ်ကြာ စစ်ပွဲများဖြစ်ပွားပြီးနောက် လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် တပ်မတော်ကို စိန်ခေါ်နေဆဲဖြစ်သော်လည်း ယခုအခါ စစ်ဗိုလ်ချုပ်များက ဆုံးရှုံးမှုများကို ထိန်းချုပ်လာနိုင်ပြီး နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်လာနေပြီဖြစ်သည်။”
သတိုး
၃. ၅. ၂၀၂၆
လွန်ခဲ့သော ငါးနှစ်ကျော်က မဲမသမာမှုပြုသော NLD အစိုးရဟောင်းကို ဖြုတ်ချခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံတစ်ဝှမ်းရှိ နယ်မြေအမြောက်အမြားကို လက်နက်ကိုင်အဖွဲ့များထံ လက်လွှတ်ခဲ့ရသည်။
သို့သော်လည်း လွန်ခဲ့သော တစ်နှစ်ခွဲခန့်အတွင်း တပ်မတော်သည် ဆုံးရှုံးသွားသော နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒရုန်းထောင်ပေါင်းများစွာနှင့် စစ်မှုထမ်းအသစ်များကို အသုံးပြုကာ စစ်မျက်နှာအသစ်များတွင် ထိုးစစ်ဆင်မှုများ ပြုလုပ်လာနိုင်ခဲ့သည်။
နယ်မြေများ ပြန်လည်ရရှိလာသည်နှင့်အမျှ တပ်မတော်သည် ဂရုတစိုက် တွက်ချက်ထားသည့် နိုင်ငံရေးအရ အပြုအမူအချို့ကိုလည်း စတင်လုပ်ဆောင်လာခဲ့သည်။

◾ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခြင်း
နယ်မြေများစွာ ပြန်လည်သိမ်းပိုက်လာနိုင်သည့်နောက်ခံအခြေအနေများနှင့်အတူ နိုင်ငံ၏ သမ္မတဟောင်းဦးဝင်းမြင့်ကို လွှတ်ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုလုပ်ရပ်ကို “ယုံကြည်စိတ်ချရသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်လာစေရန် အထောက်အကူပြုသည့် အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ခု” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြောကြားခဲ့သည်။
သို့သော်လည်း Burma Campaign UK ၏ ညွှန်ကြားရေးမှူး Mark Farmaner ကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့ခြင်းမှာ “ပြောင်းလဲမှု သို့မဟုတ် ပြုပြင်ပြောင်းလဲမှုအတွက် မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းရန် ပုံဖော်ထားသည့် ပြည်သူ့ဆက်ဆံရေး (PR) လုပ်ရပ်သာ ဖြစ်ကြောင်း” စွပ်စွဲချက်ကို Associated Press သတင်းဌာနသို့ ပြောကြားခဲ့ပြီး “ဘယ်သူမှ အရူးမခံကြပါနဲ့” ဟု ဆိုခဲ့သည်။

◾ နိုင်ငံရေးအရ တရားဝင်မှု
မြန်မာနိုင်ငံ၏ မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တပ်မတော်အတွက် နိုင်ငံတကာစင်မြင့်ပေါ်သို့ တဖြည်းဖြည်း ပြန်လည်တက်လှမ်းနိုင်ရန် လမ်းစဖွင့်ပေးခဲ့သည်။
”ဒါကို အနိုင်ရနေတယ်လို့ ကျွန်တော် မသတ်မှတ်လိုပါဘူး” ဟု အမေရိကန်အခြေစိုက် Stimson Center မှ အကြီးတန်းသုတေသနအရာရှိ Steve Ross က ပြောသော်လည်း အဆိုပါ အကဲခတ်ပုဂ္ဂိုလ်ကပင် “လွန်ခဲ့တဲ့ ၁၈ လလောက်ကစပြီး တပ်မတော်ဘက်ကို အရှိန်အဟုန်က သိသိသာသာ ကူးပြောင်းသွားတယ်” ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောဆိုသည်။
မဲမသမာမှုအတွက် ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီအချို့က ပြန်လည်လျှောက်ထားမှုမရှိခြင်းနှင့် ပါတီအချို့ ပယ်ဖျက်ခံရခြင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီ ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည်။
လွှတ်တော်သစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူလိုက်သော ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
အနောက်နိုင်ငံ အများအပြားက ထိုရွေးကောက်ပွဲကို လက်မခံလိုကြသော်လည်း အချို့သော နိုင်ငံများသည် အစိုးရသစ်ကို ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ကြိုဆိုရန် တန်းစီနေကြသည်။
”ရွေးကောက်ပွဲတွေက တပ်မတော်နဲ့ အစိုးရကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ဒါမှမဟုတ် နှစ်နစ်က မဖြစ်နိုင်ခဲ့တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံတကာစင်မြင့်ထဲကို ခြေဖျားထောက် ဝင်ရောက်ခွင့် ရစေခဲ့တယ်” ဟု Ross က ဆိုသည်။
ထိုင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများသည် သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ တရားဝင်လာရောက်လည်ပတ်ပြီးဖြစ်ရာ ယင်းကို Ross က နိုင်ငံများစွာက မြန်မာအစိုးရနှင့် ပြန်လည်ထိတွေ့ဆက်ဆံလာစေမည့် အန္တရာယ်ရှိသော အစပြုမှု အဖြစ် ဖော်ပြခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံက အာဏာထိန်းသိမ်းပြီးကတည်းက မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားသည့် အာဆီယံအဖွဲ့အတွင်း အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိစေရန် အပြင်းအထန် စည်းရုံးနေသည်။
◾ ပြောင်းလဲလာသော စစ်မြေပြင်အခြေအနေများ
စစ်မြေပြင်တွင်မူ ပြည်တွင်းနေရာအနှံ စစ် ဖြစ်ပွားစေခဲ့သော အာဏာထိန်းသိမ်းမှုနောက်ပိုင်း သိမ်းပိုက်ထားသည့် နယ်မြေအများစုကို လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားဆဲ သို့မဟုတ် အပြန်အလှန် တိုက်ခိုက်နေဆဲဖြစ်သည်။
သို့သော်လည်း တပ်မတော်သည် အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် ဆက်သွယ်ထားသည့် ပြတ်တောက်နေသော အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများ အပါအဝင် နယ်မြေများကို ပိုမိုပြန်လည်သိမ်းပိုက်လာနေသည်။
တရုတ်နိုင်ငံသည်လည်း အင်အားကြီး လက်နက်ကိုင်အဖွဲ့အချို့က သိမ်းပိုက်ထားသည့် နယ်မြေအချို့ ပြန်ပေးရန်၊ တပ်မတော်ကို တိုက်ခိုက်ခြင်း ရပ်တန့်ရန် သို့မဟုတ် တိုက်ခိုက်နေဆဲဖြစ်သော အခြားအဖွဲ့များကို လက်နက်ရောင်းချခြင်း မပြုရန် ဖိအားပေးခြင်းဖြင့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။
တပ်မတော်အတွက် အလားတူ အထောက်အကူဖြစ်စေသည်မှာ NUG ဩဇာခံ PDF များ၏ “ပြိုလဲမှု မြန်ဆန်လာခြင်း” ဖြစ်သည်ဟု အော်စလို ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (PRIO) မှ အမရာသီဟက ဆိုသည်။
PDF များသည် အာဏာထိန်းသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ လူမှုအသိုင်းအဝိုင်းများတွင် အဖွဲ့ရာနှင့်ချီ၍ ပေါ်ပေါက်လာပြီး တပ်မတော်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ တိုက်ပွဲအများအပြားကို ဆင်နွှဲခဲ့ကြသည်။
သို့သော် အမရာသီဟ၏ ကွင်းဆင်းသုတေသနအရ မကြာသေးမီလများအတွင်း PDF များထံမှ တပ်မတော်ဆီ ဘက်ပြောင်းလာသူ အရေအတွက်သည် လွန်ခဲ့သောနှစ်များကထက် ပိုမိုများပြားလာပြီး အချို့ PDF များမှာ “စုပေါင်းစစ်ဆင်ရေးများ ပြုလုပ်ရန် အင်အား အလွန်သေးငယ်သွားပြီ” ဖြစ်ကြောင်း တွေ့ရှိရသည်။
မကြာသေးမီက တပ်မတော်ကို အကြီးအကျယ် အသာစီးရခဲ့သည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် ကချင်အကြမ်းဖက်လက်နက်ကိုင် KIA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးနှစ်ခုပင်လျှင် ယခုအခါ ရုန်းကန်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

◾ အားနည်းလာသော လက်နက်ကိုင်လှုပ်ရှားမှု
ခြုံငုံကြည့်လျှင် မြန်မာနိုင်ငံ၏ ရှေ့ဆက်ရမည့်လမ်းမှာ “ဖွဲ့စည်းပုံအရ ဆုတ်ယုတ်နေသော” လက်နက်ကိုင်အုံကြွမှုနှင့် “တည်ငြိမ်လာနေသော” တပ်မတော် (အထူးသဖြင့် တပ်မတော်၏ ရိုးရာအာဏာအခြေစိုက်စခန်းဖြစ်သော ဗမာလူမျိုးအများစုနေထိုင်ရာ အလယ်ပိုင်းဒေသတွင်) တို့ ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု အမရာသီဟက ဆိုသည်။
”ပဋိပက္ခက မပြီးသေးပါဘူး။ ဒါပေမဲ့ တပ်မတော်က ရှင်သန်ရုံသက်သက်ပဲ မဟုတ်တော့ဘူး။ လောလောဆယ်မှာတော့ သူတို့က တဖြည်းဖြည်းချင်း အသာစီးရလာနေပြီ။” ဟု သူမက ဆိုသည်။
တပ်မတော်သည် လွန်ခဲ့သည့် ငါးနှစ်ကျော်အတွင်း ဆုံးရှုံးခဲ့သော နယ်မြေများ၏ အစိတ်အပိုင်း အနည်းငယ်ကို ပြန်လည်ရရှိလာခဲ့သော်လည်း စစ်မျက်နှာအချို့တွင် ရှုံးနိမ့်နေဆဲဖြစ်ကြောင်း အမေရိကန်ထောက်ပံ့ခံ ISP Myanmar မှ အစီအစဥ်တာဝန်ခံ ထက်ရှိန်လင်းက ဆိုသည်။
”တပ်မတော်က အနိုင်ရနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆက်တိုက်ရှုံးနိမ့်နေတဲ့ အခြေအနေကနေ လွတ်မြောက်လာတဲ့ အဆင့်ကို ရောက်ရှိလာတာပါ” ဟု ၎င်းက ဆိုသည်။
◾ ရှေ့တွင် ဘာဖြစ်လာမည်နည်း?

၂၀၂၃ နှောင်းပိုင်းနှင့် ၂၀၂၄ အစောပိုင်းက လက်နက်ကိုင်အဖွဲ့များ၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း တပ်မတော်သည် ဒေသတွင်း စစ်ဌာနချုပ် နှစ်ခုနှင့် တပ်ရင်းပေါင်း ရာနှင့်ချီ ဆုံးရှုံးခဲ့ရပြီး ယင်းသည် ပြည်တွင်း နေရာအနှံ့စစ်ပွဲများအတွင်း အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့သည်။
”အခုတော့ သူတို့ဟာ နောက်ထပ် စစ်ရေးအရ ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ အနေအထားကို တည်ငြိမ်အောင်လုပ်ဖို့ တရုတ်ရဲ့ အကူအညီကို အသုံးချနိုင်ခဲ့ပြီ” ဟု ထက်ရှိန်လင်းက ဆိုသည်။
မြန်မာနိုင်ငံရှိ များပြားလှသော တော်လှန်ရေးအဖွဲ့များသည် တပ်မတော်ကို အပြတ်အသတ် ခြိမ်းခြောက်နိုင်ရန် အလွန်ကွဲပြားနေပြီး အပြန်အလှန်အားဖြင့် တပ်မတော်ကလည်း ၎င်းတို့ကို အနီးစပ်ဆုံးကာလတွင် အပြီးသတ် ချေမှုန်းနိုင်ဖွယ် မရှိကြောင်း ထက်ရှိန်လင်းနှင့် Ross က ပြောသည်။
”မြန်မာနိုင်ငံမှာ ရေရှည်သူပုန်နှိမ်နင်းရေးအတွက် အခြေခံအုတ်မြစ်တွေ ချထားပြီးဖြစ်တယ်” ဟု Ross က ပြောပြီး လက်နက်များ ပေါများလာခြင်းနှင့် အာဏာထိန်းသိမ်းမှုအပေါ် ပြည်သူများ၏ နာကျည်းမှုတို့ကြောင့် လက်နက်ကိုင် တိုက်ခိုက်မှုသည် မမြင်နိုင်သော အနာဂတ်အထိ ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း ယင်းကဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော တိုက်ပွဲများသည် အနည်းငယ် လျော့ပါးသွားသော်လည်း ပြည်တွင်း၌ စစ်ပွဲများ မဖြစ်ပွားမီ အချိန်ထက် များစွာ မြင့်မားနေဆဲ ဖြစ်သည်။ စစ်သားနှင့် အရပ်သား သောင်းနှင့်ချီ သေဆုံးခဲ့ပြီး လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာနေရဆဲ ဖြစ်သည်။
”အာဏာမထိန်းခင် ၂၀၂၀ က အခြေအနေနဲ့ အခုအခြေအနေကို ကြည့်ရင်၊ ရိုးသားတဲ့ ဘယ်စစ်ခေါင်းဆောင်မဆို စစ်ရေးရှုထောင့်ကနေ သူတို့ဟာ အဲဒီအချိန်ကထက် အများကြီး ပိုအားနည်းတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောပါလိမ့်မယ်” ဟု Ross က ဆိုသလို ”သူတို့ဟာ လွန်ခဲ့တဲ့ နှစ်နစ်ကထက် ပိုယုံကြည်မှု ရှိနေပေမယ့် အနိုင်ရနေပြီလို့ ပြောနိုင်ဖို့ ယုံကြည်မှု အားနည်းနေပါဦးမယ်။”ဟုလည်း ယင်းက ဝေဖန်သည်။
(ဂျာမနီ နိုင်ငံပိုင်သတင်းဌာန DW (Deutsche Welle) က ရေးသားဖော်ပြသည့် Is Myanmar’s military winning the civil war? ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ် ပြန်ဆိုထားပါသည်)
