၂.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ထိပ်တန်းသံတမန် ဖူကောင်းက မေလ ၁ ရက်မှာ တရုတ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တစ်လတာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်မှာပဲ အမေရိကန်အနေနဲ့ တရုတ်သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူတာနဲ့ အစ္စရေးနဲ့အတူ အီရန်စစ်ပွဲကို စတင်ခဲ့တာတို့လို နိုင့်ထက်စီးနင်းပြုမူမှုတွေအတွက် ရှုတ်ချတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက မေလ ၁ ရက်မှာပဲ တရုတ်အခြေစိုက် ရေနံဆိပ်ကမ်းလုပ်ငန်းတစ်ခုကို ပိတ်ဆို့အရေးယူခြင်းဖြင့် တရုတ်အပေါ် ဖိအားပိုမိုပေးလာခဲ့ပါတယ်။ ထိုလုပ်ရပ်က အိမ်ဖြူတော်က Operation Economic Fury လို့ အမည်ပေးထားတဲ့ မကြာသေးမီက အီရန်နိုင်ငံကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ငွေတွေ ဖြတ်တောက်ဖို့ အမေရိကန် လှုပ်ရှားမှုတွေထဲမှ နောက်ဆုံးတစ်ခုဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ထက်မြက်တဲ့ ကုလသမဂ္ဂသံအမတ်ကြီး ဖူကောင်းက “တရုတ်သင်္ဘောတွေ ဒါမှမဟုတ် ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူတာဟာ တရားမျှတမှုမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“အီရန်စစ်ပွဲဟာ တချို့သောမိတ်ဖက်တွေရဲ့ တစ်ဖက်သတ်ဝါဒ၊ အာဏာနိုင်ငံရေးနဲ့ အနိုင်ကျင့်မှုအလေ့အထအချို့ မြင့်တက်လာတာရဲ့ အကြီးမားဆုံး ဥပမာတစ်ခုပေါ့။ ဒါက နိုင်ငံတကာရေးရာတွေမှာ တရားဥပဒေစိုးမိုးရေးကို ပြင်းထန်စွာ ထိုးနှက်လာတာပဲ” လို့ ဖူကောင်းက ဆက်လက်ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဟာ စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ ဗျူရိုကရေစီဖောင်းပွမှုနဲ့ တိုးပွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲတွေနဲ့ ပဋိပက္ခ တွေကို အဆုံးသတ်ဖို့ မစွမ်းဆောင်နိုင်မှုတို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နဲ့ သူ့ရဲ့ ရီပတ်ဘလီကန် မဟာမိတ်တွေရဲ့ ပြင်းထန်စွာ ဝေဖန်တာကို ခံခဲ့ရပါတယ်။
တရုတ်နိုင်ငံဟာ လုံခြုံရေးကောင်စီ အကြီးအကဲအဖြစ် လာမည့်လမှာ တတ်နိုင်သလောက် လုပ်ဆောင်မယ်လို့ ဖူက ပြောကြားခဲ့ပေမယ့် ရေရှည်အပစ်အခတ်ရပ်စဲရေးနဲ့ မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့မှာ တရုတ်နိုင်ငံရဲ့သြဇာလွှမ်းမိုးမှုမှာ အကန့်အသတ်ရှိနေပါတယ်။
ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ဟောင်းလည်း ဖြစ်တဲ့ ဖူက “ကျွန်တော်တို့ရဲ့အမေရိကန်မိတ်ဆွေတွေအပေါ် အကောင်းဆုံးလုပ်ဆောင်ဖို့ ကြိုးစားပါမယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လောက်အထိ လွှမ်းမိုးနိုင်မယ်ဆိုတာ မသေချာပါဘူး” လို့ ပြောခဲ့ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအပစ်အခတ်ရပ်စဲရေးဟာ ယာယီပဲဆိုတဲ့မှတ်ချက်တွေအပေါ် ကျွန်တော်တို့ အလွန်စိုးရိမ်မိပါတယ်” လို့လည်း ဖူက ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မေလ ၂၆ ရက်မှာ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်မယ်လို့ ဖူက ပြောကြားခဲ့ပါတယ်။ ဝမ်ယိနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ တွေ့ဆုံမလားဆိုတဲ့ မေးခွန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
အီရန်အပေါ် တိုက်ခိုက်မှုအသစ်များ စီစဉ်ခဲ့ခြင်း ရှိ၊ မရှိ သတင်းထောက်တွေက မေလ ၁ ရက်က သမ္မတ ထရမ့်ပ် မေးမြန်းခဲ့ရာမှာ ထရမ့်ပ်က “ဘာလို့ ကျွန်တော် ဒါကို ပြောပြရမှာလဲ” လို့ ဖြေခဲ့ပါတယ်။
ဖူကတော့ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့် စီးဆင်းနေတဲ့ ရေလမ်းကြောင်းကို ပိတ်ဆို့မှုကို ရပ်တန့်ဖို့က အီရန်နဲ့ အမေရိကန် အစိုးရတွေအပေါ်မှာသာ မူတည်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သူက “အရေးအကြီးဆုံးကိစ္စကတော့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့ပါပဲ။ အပစ်အခတ်ရပ်စဲရေးဟာ ကြာရှည်ခံဖို့ လိုအပ်ပြီး နှစ်ဖက်စလုံးကြားမှာ ကောင်းမွန်တဲ့ ညှိနှိုင်းမှု ရှိရပါမယ်” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဖူ က“ကျွန်တော်ထင်တာက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တိုက်ပွဲတွေ ပြန်လည်စတင်တာကို ဆန့်ကျင်တဲ့ လှုံ့ဆော်မှုတွေပြုပြီး ကျွန်တော်တို့ရဲ့ အသံတွေကို မြှင့်တင်သင့်တယ်လို့ ထင်ပါတယ်။” လို့ လည်း ပြောခဲ့ပါတယ်။
“ရှုပ်ထွေးတဲ့ ရှောင်လွှဲရေး အစီအစဉ်တွေကို အားကိုးပြီး အီရန်ကို ဒေါ်လာ ဘီလျံပေါင်းများစွာ စီးဆင်း ရရှိစေတယ်ဆိုပြီး မေလ ၁ ရက်မှာ အမေရိကန်က တရုတ်ရဲ့ Qingdao Haiye ရေနံဆိပ်ကမ်းကုမ္ပဏီအပေါ် ပိတ်ဆို့မှုတွေ ကြေညာခဲ့တာက ထရမ့်ပ် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် တို့ ပေကျင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားမှု နှစ်ပတ်အလိုမှာ နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်စေခဲ့တာပါပဲ။” လို့လည်း ဖူက ပြောခဲ့ပါသေးတယ်။
မကြာသေးမီရက်တွေအတွင်း အမေရိကန်အစိုးရဟာ အဓိက လွတ်လပ်တဲ့ တရုတ် ရေနံဓာတုဗေဒ ရေနံချက်စက်ရုံတစ်ခုနဲ့ သင်္ဘောကုမ္ပဏီတွေ၊ သင်္ဘောတွေကို အီရန်ရေနံကုန်စည်တွေကို ဖုံးကွယ် သယ်ဆောင်ပေးနေတဲ့ သင်္ဘောအုပ်စုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောကြားပြီး ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
ထရမ့်ပ် အစိုးရက တရုတ်ကုမ္ပဏီတွေဟာ အီရန်ဒရုန်းတွေမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေ ထောက်ပံ့ ပေးတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဖူ ကတော့ တရုတ်အစိုးရအနေနဲ့ အီရန်ရဲ့ စစ်ပွဲကြိုးပမ်းမှုတွေကို ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
ဖူ က“တရုတ်နဲ့ အီရန်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု မရှိပါဘူး” လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံး အဆောက်အအုံမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက တရုတ်ရဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်ထပ်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ တင်ပို့မှုအပေါ်မှာတော့ ဖြေရှင်းမှုမပြုခဲ့ပါဘူး။
သူက ဆက်လက်ပြီး “အမေရိကန်အရာရှိအချို့ထံမှ စွပ်စွဲချက်တွေက မှားယွင်းပါတယ်။ ဒါပေမယ့် အီရန်ပြည်သူတွေ ခံစားနေရသည့်အရာ၊ ဒုက္ခတွေ၊ ဒါ့ပြင်ကျွန်တော်ပြောခဲ့သလို၊ ပြည်သူတွေအပေါ် ချမှတ်ခဲ့တဲ့ တရားမဝင်စစ်ပွဲကို အလွန်စာနာမိပါတယ်။” လို့လည်း ပြောကြားသွားပါသေးတယ်။
တရုတ်အစိုးရရဲ့ ထိပ်တန်းကုလသမဂ္ဂသံတမန်က တရုတ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပြေငြိမ်း ကျေအေးမှုတစ်ရပ် ဖြစ်ပေါ်လာစေဖို ကူညီရန်ကြိုးစားခြင်းအပြင်၊ သူ့ရဲ့ တစ်လတာအလှည့်ကျ ဥက္ကဋ္ဌ သက်တမ်းကို အသုံးပြုပြီး အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့၊ ဘက်ပေါင်းစုံဝါဒနဲ့ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းကို အားကောင်းစေဖို့နဲ့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်အစိုးရက သူ့ရဲ့ကုလသမဂ္ဂပံ့ပိုးမှုတွေကို လျှော့ချခဲ့ပြီး ရီပတ်ဘလီကန်တွေက ကုလသမဂ္ဂ အပေါ်ဝေဖန်နေချိန်မှာ အီရန် ပဋိပက္ခကိစ္စ ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။
“ကုလသမဂ္ဂအတွင်း တာဝန်ခံမှုနဲ့ ပြုပြင်ပြောင်းလဲမှု လိုအပ်ချက်ကို မမြင်သူတိုင်းကတော့ မျက်ကန်းတွေဖြစ်မှာပဲ” လို့ ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ် ကိုရီမေးလ်စ်က ဧပြီလ ၂၉ ရက်မှာ ကြီးကြပ်ရေးကော်မတီတစ်ခုအား ပြောကြားခဲ့ပါတယ်။
သူက “ကုလသမဂ္ဂကို ပေးပို့တဲ့ အခွန်ထမ်းသူငွေအားလုံးဟာ အမေရိကန်ရန်သူတွေ၊ လက်ဝဲဝါဒီတွေနဲ့ တကယ့်အကြမ်းဖက်သမားတွေကို မထောက်ပံ့ဘူးဆိုတာ ကျွန်တော်တို့ သေချာစေရမယ်” လို့ ဆိုခဲ့ပါတယ်။
ဖူ က ခြောက်လအတွင်း ခေါင်းဆောင်များရဲ့ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုဖြစ်တဲ့ စီစဉ်ထားတဲ့ ထရမ့်ပ်-ရှီ ထိပ်သီးအစည်းအဝေးမှာ အီရန်စစ်ပွဲနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေက လွှမ်းမိုးမည်လားဆိုသည်ကို ပြောကြားရန် ငြင်းဆိုခဲ့ပြီး ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားဆဲဖြစ်ပါက ယင်းကိစ္စသည် ဆွေးနွေးပွဲ အစီအစဉ်မှာ အဓိကကျမည်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဖူက အမေရိကန်-တရုတ်ဆက်ဆံရေးက စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်စေပြီး ကမ္ဘာ့စီးပွားရေး ကို ထိခိုက်စေတဲ့ ပိတ်ဆို့ထားတဲ့ ရေလမ်းကြောင်းထက် များစွာပို၍ အဓိကကျတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပြီး အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်တယ်လို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် မတ်လ ၃၁ ရက် မူလစီစဉ်ခဲ့တဲ့ အစည်းအဝေးကို စစ်ပွဲကြောင့် ရွှေ့ဆိုင်းပြီးနောက် ဒုတိယအကြိမ် ရွှေ့ဆိုင်းနိုင်တယ်လို့ ဖူ က အရိပ်အမြွက်ပြောကြားလိုပုံရပါတယ်။
“ကျွန်တော်သိသလောက်တော့ နှစ်ဖက်စလုံးက ဒီသမိုင်းဝင်ခရီးစဉ်အတွက် ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ “ဒီခရီးစဉ် အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။” လို့လည်း သတင်းထောက်တွေကိုဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံတကာအစဉ်အလာကို ပြောင်းလဲခြင်း၊ သံတမန်ရေးကို ရှောင်ရှားခြင်းနဲ့ သူ့ရဲ့ အခွန်ကောက်ခံမှုမူဝါဒတွေနဲ့ နိုင်ငံခြားပဋိပက္ခ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခြင်း စတဲ့ ပိုမိုစိတ်လိုက်မာန်ပါ လုပ်ဆောင်မှုတွေနောက်မှာ မဟာမိတ်များစွာနဲ့ ကင်းကွာစေခဲ့ပါတယ်။ နိုင်ငံအများအပြားက တည်ငြိမ်မှုကို စွဲလမ်းသော တရုတ်နိုင်ငံကို ပိုမိုဆွဲဆောင်မှုရှိတယ်လို့ တွေ့ရှိယူဆလာကြပါတယ်။
တရုတ်အစိုးရ ဟာကောင်းမွန်သောဆန္ဒကို စုဆောင်းရန် အလွန်ပျော်ရွှင်ခဲ့ပြီး အချို့နှစ်များတွင် အဖွဲ့အစည်းသို့ပေးဆောင်မှုက ၎င်းတို့ကို သုံးစွဲရန် နောက်ကျလွန်းသော်လည်း ၎င်း၏ ကုလသမဂ္ဂအခွန် များကို ပေးဆောင်ရန် ဂရုတစိုက်လုပ်ဆောင်ခဲ့သည်။ ဒါပေမယ့် အမေရိကန်ရဲ့ ဆုတ်ခွာမှုကြောင့် ထိခိုက်ခဲ့ရသော ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်အားလုံးကို ရန်ပုံငွေထောက်ပံ့ရန် စိတ်ဝင်စားမှု အနည်းငယ်သာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဟာ ကုလသမဂ္ဂအထွေထွေရန်ပုံငွေရဲ့ အများဆုံးရန်ပုံငွေထောက်ပံ့သူဖြစ်ပြီး GDP နှင့် ဆက်စပ်သော ဖော်မြူလာအရ ၂၂ ရာခိုင်နှုန်းထည့်ဝင်ကာ တရုတ်နိုင်ငံက ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ မှာ ရပ်တည်နေပါတယ်။
“အမေရိကန်က နံပါတ်တစ်ပါ၊ ဒါပေမယ့် သူတို့က မပေးဆောင်တဲ့အတွက် တရုတ်က အမှန်တကယ် နံပါတ်တစ်ဖြစ်နေပါပြီ” လို့ ဖူက ပြောကြားခဲ့ပါတယ်။
“အမေရိကန် နုတ်ထွက်မယ်ဆိုရင် တခြားနိုင်ငံတွေက ရှေ့တိုးဖို့ လိုအပ်တယ်ဆိုတာ သေချာပါတယ်၊ တရုတ်ကလည်း ဝမ်းသာအားရ ရှေ့တိုးဖို့ လိုပါလိမ့်မယ်။” လို့ သူကပြောခဲ့ပါတယ်။
ဥပဒေကျောင်းသားဟောင်း ဖူ က ထပ်လောင်းပြောကြားရာမှာ “ဒီအတွက်တော့ အမေရိကန်က ဆုံးဖြတ်ရမှာပါ။ဒီမှာ ကျွန်တော်ကတော့ ဒါဟာ တရုတ်နဲ့ အမေရိကန်ကြားမှာ အလုံးစုံလွှမ်းမိုး အနိုင်ယူရေးတော့ ဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။” လို့ နောက်ဆုံးဆိုခဲ့ပါတယ်။
Ref- SCMP
