နေမိုး
၂. ၅.၂၀၂၆
PDF များ မိန်းမယူနိုင်သော်လည်း ယူသည့်မိန်းမသည် PDF တပ်၏ အလုပ်များကို လုပ်ရမည်ဖြစ်ကြောင်းနှင့် အိပ်စားဖြဲခံမိန်းမများ လိုက်မလာရန် NUG ဩဇာခံ ရွှေဘို PDF အဖွဲ့ဖြစ်သော ရွှေဘိုခရိုင်အမှတ် (၁၅) တပ်ရင်းက ရုန့်ရင်းကြမ်းတမ်းစွာ သတိပေးထုတ်ပြန်ထားသည်။
“ထပ်မံပြီး ပြတ်ပြတ်သားသား အသိပေးလိုတာကတော့ မိမိယူလိုက်တဲ့ အမျိုးသမီးဟာ တပ်ရင်းမှာ လိုက်နေမယ်ဆိုရင် ခွင့်ပြုပါတယ်။ ဒါပေမဲ့ တပ်ရင်းရဲ့ ဝေယျာဝစ္စတွေ၊ အလုပ်တာဝန်တွေကို တက်တက်ကြွကြွ လုပ်ဆောင်ရပါမယ်။ အလုပ်မလုပ်လိုသူများ လိုက်မလာပါနဲ့။ ရိုင်းရိုင်းပြောရရင် “အိပ်၊ စား၊ ဖြဲ၊ ခံ” ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့တော့ လိုက်မလာပါနဲ့”ဟု လည်းရွှေဘိုခရိုင်အမှတ် (၁၅) တပ်ရင်း၏ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက အသိပေးသည်။
ဗိုလ်ကောက်ရိုး၏ ရွှေဘိုခရိုင်အမှတ် (၁၅) တပ်ရင်း ထုတ်ပြန်ချက်အပေါ် တက်ကြွလှုပ်ရှားသူဖြစ်သော သဉ္ဇာရွှန်းလဲ့ရည်က အမျိုးသမီးများကိုချည်း တစ်ဖက်သတ်မပြောဘဲ PDF များလည်း မသရမ်းရန် သွန်သင်သင့်ကြောင်း ဗိုလ်ကောက်ရိုးကို မှတ်ချက်ပြုထားသလို အခြားသော အမျိုးသမီးများကလည်း PDF များက မယားကြီးရှိလျက် PDF မများကို မယားငယ်ယူမှုအပေါ် ထိန်းကျောင်းရန် တုံ့ပြန်ကြသည်။
ထို့အပြင် လင်ဖြစ်သူ PDF က မယားငယ်ယူသွား၍ ကလေးတစ်ယောက်ဖြင့် ကျန်ခဲ့သော မယားကြီးဖြစ်သည့် May Zon Htet အကောင့်ပိုင်ရှင်ကလည်း “တပ်ရင်းထဲမှာကို ကိုယ့်ရဲဘော်တွေကို သေချာစည်းကမ်းထုတ်သင့်ပါတယ်။ တချို့ဆို တပ်ရင်းမှာရာထူးကြီးကြီးယူထားပြီး၊ မိန်းမနဲ့ကလေးရှိရဲ့သားနဲ့ကွာရှင်းထားတာလဲမဟုတ်ဘဲနဲ့ တပ်ရင်းက pdf မတစ်ယောက်နဲ့ တပ်ရင်းထဲမှာပဲ ရေခဲ့မုန့်ကျွေးပြီးတောင်လက်မှတ်ထိုးပြီးယူကြပါတယ်။ (မိန်းမနဲ့ကလေးရှိပြီးကွာရှင်းထားပြီးမဟုတ်ဘူးဆိုတာကို တပ်ရင်းမှုးရောသူ့ကိုယူတဲ့ pdf မရော သိပါတယ်)သူ့တို့ယူထားတာကိုအိမ်ကမိန်းမက သူ့ယောက်ျား pdf တိုက်ပွဲမှာကျသွားမှသိရတာပါ။ ဒါပေမယ့် တပ်ရင်းမှုးက ဘာတခုမှ ဖြေရှင်းမပေးတဲ့အပြင်လှုမှုရေးကိစ္စတွေ သူနဲ့မဆိုင်းဘူးဆိုပြီးတာဝန်ယူ၊ တာဝန်ခံမှုကင်းမဲ့စွာနဲ့ ကလေးတစ်ယောက်နဲ့ မုဆိုးမဖြစ်ကျန်ခဲ့ရတဲ့ မယားကြီးကိုပြောပါတယ်။ (ဒီလိုပြသနာတွေကိုမဖြေရှင်းချင်ဘူး၊ တာဝန်မယူနိုင်ဘူးဆိုရင် တပ်ရင်းထဲမှာ ကိုယ့်ရဲဘော်တွေကို လှုမှုရေးစည်းကမ်းချက်တွေ သေချာချမှတ်ရမှာလေ)။
p.s ကျမက ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တဲ့ p ရဲ့တရားဝင်မိန်းမ(မယားကြီးပေါ့)ပါ။ ကျမကိုယ်တိုင်ကြုံနေရတာကို အရှက်ကိုရင်းပြီး ချပြလိုက်တာပါ။ ကိုယ်မှားခဲ့တာ၊ သစ္စာဖောက်ခဲ့တာမဟုတ်ပေမယ့် ရှက်လွန်းလို့ပါ။ ယိုသူမရှက်မြင်သူရှက်ဆိုသလိုပေါ့(သတ်ပုံမူရင်း” ဟု တုံ့ပြန်ထားသည်။
