သက်တံ့
၂. ၅. ၂၀၂၆
အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲအတွင်း ကျန်ရစ်ခဲ့သည့် မပေါက်ကွဲသေးသော ဗုံးများ ပေါက်ကွဲမှုဖြစ်ပွားရာမှ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သောကြာနေ့(မေလ ၁ ရက်) တွင် ပြည်တွင်းသတင်းဌာနများက ဖော်ပြခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် အီရန်အနောက်မြောက်ပိုင်းရှိ ဇန်ဂျန်ပြည်နယ် (Zanjan Province) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သလို ဧပြီလ ၇ ရက်နေ့က အမေရိကန်နှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်ပိုင်း IRGC အဖွဲ့ဝင် အများဆုံးသေဆုံးသည့် ဖြစ်စဉ်လည်း ဖြစ်သည်။ အီရန်နိုင်ငံပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ လက်နက်များတွင် အမေရိကန်-အစ္စရေးတို့က စစ်ပွဲအတွင်း ကြဲချခဲ့သည့် အစုလိုက်ကွဲဗုံး (Cluster bombs) များနှင့် ဝေဟင်မိုင်းများ ပါဝင်ကြောင်း သိရသည်။
သေဆုံးသွားသူများသည် စိုက်ပျိုးရေးမြေ ဟက်တာ ၁,၂၀၀ ခန့်အတွင်း ကျန်ရှိနေသည့် မပေါက်ကွဲသေးသော လက်နက်များကို ရှင်းလင်းရန် တာဝန်ပေးအပ်ခြင်းခံရသည့် အထူးအဖွဲ့ဝင်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
တစ်ဖက်တွင်လည်း အမေရိကန်သည် အီရန်အပေါ် ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။ အိုမန်ပင်လယ်ကွေ့အတွင်း အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကြောင့် အီရန်အနေဖြင့် ရေနံဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလျံနီးပါး ဆုံးရှုံးခဲ့ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိတ်ဆို့မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်အနေဖြင့် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန် ဖိအားပေးသည့် အားအကောင်းဆုံး လက်နက်တစ်ခုဖြစ်ကြောင်း အရာရှိများက ဆိုသည်။ ဧပြီလ ၁၃ ရက်နေ့တွင် စတင်သည့် ရေတပ်ပိတ်ဆို့မှု စစ်ဆင်ရေး” (Naval Blockade Operation) စတင်ကတည်းက အီရန်ရေနံနှင့် အခြားတရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် သင်္ဘောပေါင်း ၄၀ ကျော်ကို အမေရိကန်ရေတပ်က တားဆီးဖမ်းဆီးခြင်းနှင့် လမ်းကြောင်းလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ခဲ့သည်
လက်ရှိတွင် အီရန်ရေနံစိမ်း စည်ပေါင်း ၅၃ သန်းခန့် တင်ဆောင်ထားသည့် ဆီတင်သင်္ဘော ၃၁ စီးမှာ ပင်လယ်ကွေ့အတွင်း ပိတ်မိနေပြီး ယင်းတို့၏ တန်ဖိုးမှာ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံခန့် ရှိသည်။ အမေရိကန်တပ်ဖွဲ့များက သင်္ဘော ၂ စီးကို သိမ်းဆည်းခဲ့ပြီးဖြစ်သလို ပြည်ပတင်ပို့နိုင်ခြင်းမရှိတော့သည့် အီရန်အနေဖြင့်လည်း ကုန်းတွင်းပိုင်းတွင် ရေနံသိုလှောင်ရုံများ ပြည့်လျှံနေပြီဖြစ်၍ သင်္ဘောဟောင်းများကိုသာ ရေပေါ်သိုလှောင်ရုံများအဖြစ် အသုံးပြုနေရကြောင်း သိရသည်။
Ref : WION
