






၂.၅.၂၀၂၆
Photo by Nay Yaung Lin
ရန်ကုန်မြို့တွင် မေလ ၂ ရက်၊ ညနေပိုင်းက မိုးစတင်ရွာသွန်းခဲ့သလို အခြားမြို့နယ်များတွင် ကွက်ကြားမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့၊ မေလ ၂ ရက်တွင် သတိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ခဲ့သည်။
ထိုသို့လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပြီး ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ကြောင်း ထုတ်ပြန်ထားသည်။
