သက်တံ့
၂.၅. ၂၀၂၆


ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယနေ့နေ့လယ်ပိုင်းက ဝါးများတင်ဆောင်လာသည့် ခြောက်ဘီးယာဥ်တစ်စီး တိမ်းမှောက်ရာမှ ၁၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ မေလ ၂ ရက် နေ့လယ် ၁ နာရီ မိနစ် ၅၀ ခန့်အချိန်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးများသယ်ဆောင်လာသည့် ခြောက်ဘီးယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ ပန်တင်အမြန်လမ်းမီးသတ်စခန်းနှင့် တောင်ညိုနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့သည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလူ စုစုပေါင်း ၃၈ ဦးအနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၆ ဦးသေဆုံးကာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးဒဏ်ရာရသူများကို သုခဒါနပရဟိတအသင်း၊ သီရိသုခပရဟိတအသင်း၊ မေတ္တာရေစင်ပရဟိတအသင်းနှင့် မေတ္တာကွန်ရက်ပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် နေပြည်တော်၊ ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ဓာတ်ပုံ – ပတ္တမြား
