
၂.၅.၂၀၂၆
Written by Linn Eain
ရထားလမ်းအဆင်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲချိန် ၁၉ နာရီကြာရာမှ ၁၀ နာရီခန့်သာ ကြာမြင်တော့သည့်အထိ ခရီးစဥ်ကြာမြင့်မှုနှုန်း လျော့ကျလာခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထို့ပြင် မြန်မာ့မီးရထားသည် ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားများကို ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် မေလ ၁ ရက်ကစတင်၍ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားသည် ယခုတိုးချဲ့ပြေးဆွဲပေးသည့် ရထားခရီးစဉ်များအပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် လူစီးအမြန်ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှတောင်ငူအထိ ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး တောင်ငူ – နေပြည်တော်နှင့် နေပြည်တော်- မန္တလေးရထားလမ်းပိုင်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရန်ကုန်-မန္တလေး အဓိက ရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများတိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ငူ – နေပြည်တော်နှင့် နေပြည်တော်- မန္တလေးရထားလမ်းပိုင်းတွင် ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် ယခုအခါလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်း/တွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်၍ ယခင်က ရန်ကုန်မှ မန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်ခဲ့ရာမှ စုစုပေါင်းပြေးဆွဲချိန် ၁၀ နာရီခန့်ဖြင့် သိသာစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထို့ပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် တိုးချဲ့ပြေးဆွဲသည့် အမှတ်(၅)အဆန်/(၆)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲ ခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစအဆုံးတစ်ဦးလျှင် ပထမတန်းငွေကျပ် ၃၄၀၀၀ နှင့် အထက်တန်း ငွေကျပ် ၄၈၀၀၀ နှုန်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာ စုစုပေါင်းကိုးဘူတာ ရပ်တန့်ပေးမည်ဖြစ်ကာ အမှတ်(၅) အဆန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ညနေ ၄ နာရီတွင် လည်းကောင်း၊ အမှတ်(၆)အစုန် DEMU လူစီးအမြန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ရာ ရထားပြေးဆွဲချိန် ၁၀ နာရီသာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
