နေမိုး
၂. ၅. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း အကြမ်းဖက် လက်နက်ကိုင် KIA၊ KNU နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်လေးဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
အကြမ်းဖက်လက်နက်ကိုင် KIA နှင့် PDF တို့၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီတွင် မိုးညှင်းမြို့နယ်၊ မြို့မရန်အောင် ရပ်ကွက်နေ ဦးကျော်လှ (၅၅)နှစ်၊ မောင်ဒေးဗစ်ရိန်အောင် (၁၅) နှစ်၊ ဒေါ်အေးကျော် (၆၅) နှစ်နှင့် တောင်အင်းကျေးရွာနေ မဖြိုးရတီစိုး (၁၁) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် အဆိုပါရပ်ကွက်/ ကျေးရွာများအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးကျော်လှတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ဒေးဗစ်ရိန်အောင်၊ ဒေါ်အေးကျော်နှင့် မဖြိုးရတီစိုးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာ နေသူများဖြစ်ကြသည့် မောင်လင်းခိုင်ခန့် (၉) နှစ်နှင့် မနန်းဝေဝေသင်း (၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ အကြမ်းဖက် လက်နက်ကိုင် KIA၊ KNU နှင့် PDF တို့က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာများရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
