◾️ အမေရိကန်သမ္မတက ဒေါ်လာ သန်း ၅၀၀ ဖြင့် လုပ်ငန်းကို အသက်သွင်းရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့
သက်တံ့
၂. ၅. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၏ ဈေးနှုန်းချိုသာသော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Spirit လေကြောင်းလိုင်းသည် အမေရိကန်အစိုးရ၏ ကယ်ဆယ်ရေးအစီအစဉ်အတွက် ဘဏ်များ၊ လေယာဉ်ငှားရမ်းပေးသည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် ကြွေးရှင်များထံမှ ထောက်ခံမှု မရရှိခဲ့ပြီးနောက် မေလ ၂ ရက်နေ့တွင် လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
လွန်ခဲ့သော နှစ်လက စတင်ခဲ့သည့် အီရန်စစ်ပွဲအတွင်း လေယာဉ်ဆီဈေးနှုန်း နှစ်ဆမြင့်တက်လာမှုကြောင့် ပြိုလဲသွားသည့် ပထမဆုံးသော လေကြောင်းလိုင်းဖြစ်လာပြီး ယခုဖြစ်စဉ်ကြောင့် အလုပ်အကိုင်ပေါင်းထောင်ချီ ထိခိုက်ဆုံးရှုံးမည်ဖြစ်သည်။
ယခုဖြစ်စဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်အတွက်လည်း ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ သမ္မတထရမ့်ပ်သည် အနီးကပ်အကြံပေးများနှင့် ကွန်ဂရက်လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်အမတ်များ၏ ကန့်ကွက်မှုများကြားမှ Spirit လေကြောင်းလိုင်းကို ကယ်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ (စင်ကာပူဒေါ်လာ ၆၃၆ ဒသမ ၃ သန်း) ထောက်ပံ့ရန် အဆိုပြုခဲ့သူဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း Spirit ကဲ့သို့ အမေရိကန်လေကြောင်းခရီးစဉ် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားသည့် လေကြောင်းလိုင်းကြီးမျိုး လုပ်ငန်းဖျက်သိမ်းရခြင်း (Liquidated) မရှိခဲ့ဖူးပေ။ Spirit သည် အခြားလေကြောင်းလိုင်းကြီးများနှင့် ယှဉ်ပြိုင်ရာတွင် လေယာဉ်လက်မှတ်ခများကို သက်သာအောင် ထိန်းညှိပေးနိုင်ခဲ့သည့် လေကြောင်းလိုင်းတစ်ခုလည်း ဖြစ်သည်။
◾️ ကယ်တင်ဖို့ ဘယ်သူ ဝယ်မှာလဲ
ကုမ္ပဏီကို ကယ်တင်ရန် ညှိနှိုင်းမှုများမှာ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနသို့ မေလ ၁ ရက်နေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
“ကုမ္ပဏီဘက်က ကြိုးစားခဲ့ပေမဲ့ မကြာသေးမီက ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာနဲ့ စီးပွားရေးအပေါ် တခြားဖိအားတွေကြောင့် Spirit ရဲ့ ဘဏ္ဍာရေးအလားအလာကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်” ဟု Spirit လေကြောင်းလိုင်းက လုပ်ငန်းများ စနစ်တကျ ရပ်ဆိုင်းတော့မည့်အကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ထရမ့်ပ်က မေလ ၁ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားရာ၌ “သူတို့ကို ကျွန်တော်တို့ ကူညီနိုင်ရင် ကူညီမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့က ပထမဖြစ်ရမယ် (အစိုးရအကျိုးစီးပွားကို ဦးစားပေးရမယ်)။ အပေးအယူကောင်းရင်တော့ ဒါကို လုပ်မှာပါ” ဟု ဆိုသည်။
◾️ ရေနံဈေးနှုန်းနှင့် ပြိုလဲမှု
Spirit ၏ ပြန်လည်ဖွဲ့စည်းမှုအစီအစဉ်တွင် ၂၀၂၆ ခုနှစ်အတွက် လေယာဉ်ဆီတစ်ဂါလံလျှင် ၂ ဒသမ ၂၄ ဒေါ်လာနှုန်းဖြင့် ခန့်မှန်းတွက်ချက်ခဲ့သော်လည်း ဧပြီလကုန်တွင် ဈေးနှုန်းမှာ ၄ ဒသမ ၅၁ ဒေါ်လာအထိ နှစ်ဆကျော် မြင့်တက်သွားခဲ့သည်။ ယင်းကြောင့် ရန်ပုံငွေအသစ်မရရှိဘဲ လေကြောင်းလိုင်း ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ခြင်းဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီ (Sean Duffy) က ရိုက်တာသို့ ပြောကြားရာတွင် Spirit ကို ဝယ်ယူရန် အခြားလေကြောင်းလိုင်းများကို တိုက်တွန်းခဲ့သော်လည်း စိတ်ဝင်စားသူ မရှိခဲ့ကြောင်း ယင်းက ဆိုသည်။
“ဘယ်သူက ဝယ်မှာလဲ။ ဘယ်သူမှ မဝယ်ချင်တဲ့ဟာကို ကျွန်တော်တို့ (အစိုးရ) က ဘာလို့ ဝယ်ရမှာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ကြွေးရှင်တစ်ဦးကမူ “ထရမ့်ပ်အစိုးရအဖွဲ့ဟာ Spirit ကို ကယ်ဖို့ အထူးတလည် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အလောင်းကောင်ဖြစ်နေဖြစ်တဲ့လုပ်ငန်းကိုတော့ အသက်သွင်းလို့ မရဘူးလေ” ဟု မှတ်ချက်ပြုခဲ့သည်။
လက်ရှိတွင် United Airlines၊ American Airlines၊ Frontier Airlines နှင့် JetBlue တို့က Spirit လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များကို ကူညီရန် ပြင်ဆင်နေကြောင်း မေလ ၁ ရက်နေ့တွင် ပြောကြားခဲ့ကြသည်။
Ref : Reuters Via The Straits Times
