◾ ဂျပန်နိုင်ငံ၏ ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ “Power Asia Initiative” အစီအစဉ်အရ၊ ဗီယက်နမ်နိုင်ငံ၏ရေနံချက်စက်ရုံနှင့် ရေနံဓာတုဗေဒ အဆောက်အအုံအတွက် ရေနံစိမ်းများ ရရှိအောင် ဂျပန်နိုင်ငံက ကူညီစီစဉ်ပေးမည်

သက်တံ့
၃.၅.၂၀၂၆
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီ (Sanae Takaichi) က ဂျပန်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ပြီး အထူးသဖြင့် စွမ်းအင်နှင့် အရေးပါသော တွင်းထွက်သယံဇာတ ကဏ္ဍများကို အဓိကထား ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။
တာကာအိချီသည် စနေနေ့က ဟနွိုင်းမြို့တွင် ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟန် (Le Minh Hung) နှင့် တွေ့ဆုံခဲ့ပြီး အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့် အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နယ်ပယ်အသီးသီးမှ သဘောတူညီချက် ခြောက်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
”နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ ဦးစားပေး နယ်ပယ်အသစ်အဖြစ် ‘စီးပွားရေးလုံခြုံမှု’ (Economic Security) ကို သတ်မှတ်ခဲ့ကြပါတယ်” ဟု တွေ့ဆုံပွဲအပြီးတွင် တာကာအိချီက သတင်းထောက်များကို ပြောကြားခဲ့သလို ”အရေးပါတဲ့ တွင်းထွက်သယံဇာတတွေနဲ့ ပတ်သက်ပြီးတော့လည်း တည်ငြိမ်တဲ့ ထောက်ပံ့မှုတွေ ရရှိဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက် (Supply Chains) တွေကို ပိုမိုခိုင်မာစေဖို့အတွက် နှစ်ဖက်စလုံးက အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု သူမက ဆက်လက်ပြောဆိုသည်။
ဝန်ကြီးချုပ် ဟန်ကလည်း ခေါင်းဆောင်နှစ်ဦးသည် “တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေအပေါ် အခြေခံ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် အရေးကြီးကြောင်း” ထပ်လောင်း အတည်ပြုခဲ့ကြသည်ဟု ဆိုသည်။
ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှု အခိုင်အမာ ပြောဆိုလာမှုများအပေါ် စိုးရိမ်မှုများ တူညီနေကြပြီး၊ အမေရိကန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်သွယ်ရေး အနှောင့်အယှက်များကို ကာကွယ်ရန်အတွက် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ရန် ကြိုးပမ်းနေကြသည်။
ဗီယက်နမ်အစိုးရနှင့် အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ယခုနှစ် ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒေါ်လာ ၁၃ ဒသမ ၇ ဘီလျံအထိ ရှိခဲ့သော်လည်း၊ ဗီယက်နမ်တွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှု အသစ်မှာမူ ယခင်နှစ်ထက် ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကာ ဒေါ်လာ ၂၃၃ သန်းသာ ရှိခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင် တွန်းအားပေး လုပ်ဆောင်လာခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ရေနံဈေးနှုန်း မြင့်တက်လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်နေခြင်းတို့ကြောင့် ဗီယက်နမ်သည် ရေနံရရှိရေးအတွက် ဂျပန်နှင့် အခြားနိုင်ငံများထံမှ အကူအညီများ ရှာဖွေလျက်ရှိသည်။
အာရှနိုင်ငံများ၏ စွမ်းအင်ဖူလုံမှုကို အထောက်အကူပြုမည့် ဂျပန်နိုင်ငံ၏ ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ “Power Asia Initiative” အစီအစဉ်အရ၊ ဗီယက်နမ်နိုင်ငံ၏ ငီဆွန်း (Nghi Son) ရေနံချက်စက်ရုံနှင့် ရေနံဓာတုဗေဒ အဆောက်အအုံအတွက် ရေနံစိမ်းများ ရရှိအောင် ဂျပန်နိုင်ငံက ကူညီစီစဉ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟန်က ပြောကြားခဲ့သည်။
Ref: Al Jazeera
