
သက်တံ့
၃. ၅. ၂၀၂၆
ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းက စမွတ်ပရာကန်ပြည်နယ်၊ မောင်းမြို့နယ်၊ ဆူခွန်ဗစ်လမ်းပေါ်ရှိ BTS မိုးပျံရထားပြုပြင်ထိန်းသိမ်းရေးဂိုဒေါင်အနီး၊ PTT စက်သုံးဆီဆိုင်အနောက်ဘက်တွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာမှ လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မောင်စမွတ်ပရာကန် ရဲစခန်းမှူး ရဲမှူးကြီး ချက္ကရစ် သီရိုဂျာနာကူးလ်၏ ပြောကြားချက်အရ ထိုင်းဘန် (Thai Ban) ရပ်ကွက်ရှိ Soi Bang Mek Khao အတွင်း BTS ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျကြောင်း နံနက် ၈ နာရီခွဲခန့်တွင် သတင်းရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါရဟတ်ယာဉ်မှာ ထိုင်ခုံနှစ်လုံးပါ Guimbal Cabri G2 အမျိုးအစားဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်တစ်ဦးက စက်ပြင်ဆရာတစ်ဦးနှင့်အတူ မောင်းနှင်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးတွင် ပြင်းထန်သောဒဏ်ရာများ မရရှိခဲ့ဘဲ အနည်းငယ်သာ ထိခိုက်ခဲ့ပြီး အရေးပေါ်ဆေးကုသရေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။
ရဟတ်ယာဥ်မှာ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ယခုကဲ့သို့ ပျက်ကျခြင်းဖြစ်ပြီး ဆင်းသက်ချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အခင်းဖြစ်ပွားရာနေရာမှာ Soi Bang Mek Khao အဆုံးရှိ စက်ရုံတစ်ရုံဘေးရှိ တောအုပ်အတွင်းဖြစ်သည်။ မီးသတ်သမားများသည် အင်ဂျင်ကို လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်ရန်အတွက် ချုံနွယ်ပိတ်ပေါင်းများအတွင်းမှ မီးသတ်ပိုက်များကို ခက်ခက်ခဲခဲ ဆွဲယူခဲ့ရသည်။
မိနစ် ၃၀ ခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အဆိုပါနေရာကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။
ရဟတ်ယာဉ်မှူးနှင့် ၎င်း၏လက်ထောက်တို့သည် စက်ရုံမှ ချွန်ဘူရီခရိုင်ရှိ အခြားစက်ရုံတစ်ခုသို့ သွားရောက်ရန် ပျံသန်းလာခြင်းဖြစ်ကြောင်း ချက္ကရစ် က ဆိုသည်။
ရဟတ်ယာဉ်သည် အမြင့် ၁၀ မီတာခန့်အထိ ပျံတက်ပြီးနောက် စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်မှူးက ယာဉ်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြီး ပျံတက်ရာနေရာမှ မီတာ ၃၀ ခန့်အကွာတွင် အရေးပေါ်ဆင်းသက်ခဲ့သည်။ မြေပြင်သို့ ထိတွေ့စဉ် ဒလက်များက မြက်ရှည်များနှင့် ရိုက်မိရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
လိုက်ပါလာသူ နှစ်ဦးစလုံးမှာ ဘေးကင်းစွာ လွတ်မြောက်ခဲ့ပြီး ရွှံ့နှင့် ရေညှိစွန်းရုံမျှသာ အနည်းငယ် ထိခိုက်ခဲ့သည်။ အစောပိုင်း မေးမြန်းစုံစမ်းချက်များအရ အင်ဂျင်မှာ လုံလောက်သော ပါဝါမရှိတော့သဖြင့် အရေးပေါ်ဆင်းသက်ရခြင်းဖြစ်သည်ဟု သိရသည်။
ချက္ကရစ်၏ ပြောကြားချက်အရ အဆိုပါရဟတ်ယာဉ်မှာ သက်တမ်း ၂ နှစ်သာရှိသေးသည့် ယာဉ်သစ်ဖြစ်ပြီး ပျံသန်းမှုဆိုင်ရာ ခွင့်ပြုချက်နှင့် စာရွက်စာတမ်းများ အပြည့်အစုံရှိကြောင်း သိရသည်။ ယခုအခါ မှုခင်းဆေးပညာကျွမ်းကျင်သူများကို ခေါ်ယူ၍ အခင်းဖြစ်ပွားရာနေရာကို အသေးစိတ် စစ်ဆေးလျက်ရှိပြီး ဒေသခံအာဏာပိုင်များကလည်း စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်လျက်ရှိသည်။
Ref: Bangkok Post
