နေမိုး
၃. ၅. ၂၀၂၆
တောင်သာတွင် ငယ်ဖြူကျောင်းထိုင်ဆရာတော်တစ်ပါးကို PDF ငါးဦးက ဒလန်ဟုစွပ်စွဲကာ ဦးခေါင်းကို သေနတ်ဖြတ် တေ့ကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ တောင်သာ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၂ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမကျောင်းတိုက်မှ ငယ်ဖြူ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရ၊ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ ဝါသည် အဆိုပါ ဘုန်းကြီးကျောင်းဝင်း၌ ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ဦးခေါင်းပိုင်း (မျက်နှာ)ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော် အပါး ၁၀၀ ကျော်အပြင် ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
