
၃.၄.၂၀၂၆
Written by Linn Eain
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် မေလ ၂ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့် သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြန်လည်အဆင့်မြှင့်ပြင်ဆင်ထားသော အထူးကြပ်မတ်ကုသဌာန (ICU)နှင့် ပင်မဆေးကုသဆောင်ရှိ ထပ်မံတိုးချဲ့ထားရှိသော အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဌာနတို့ကို ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်လူနာ/လူနာစောင့်များနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ICU ထပ်မံတိုးချဲ့နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သူနာပြုကြီးများအားတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများနှင့်ရင်းနှီးနွေးထွေးစွာ ဆက်ဆံရေး၊ လူနာများအပေါ် ပိုမိုဂရုစိုက်စောင့်ရှောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ တာဝန်ထမ်းဆောင်ရေး၊ သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ်အား သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ ညနေပိုင်းတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လူနာများသက်သောင့်သက်သာကုသမှုခံယူနိုင်ရေး၊ ကုသမှုအရည်အသွေး ပိုမိုမြင့်မားစေရေး၊ ဆေးစတိုတွင်ဆေးဝါးများ စနစ်တကျထားရှိရေး၊ လူနာများအားစေတနာထားကုသပေးရေး၊ အဆောက်အအုံနှင့်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့သည် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးတို့နှင့်အတူ မေလ ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သောနှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
