
၂.၈.၂၀၂၅
Written By Zun
အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် အွန်လိုင်းမှတရားမဝင် ကုန်ပစ္စည်းတင်သွင်းရောင်းချကာ အကြမ်းဖက် အဖွဲ့များကို ထောက်ပံ့သူတစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်က ဖမ်းဆီးခံခဲ့ရသော ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၅၄ ရပ်ကွက်၊ ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့်၊ အမှတ်(၃/က)နေ ဘုန်းမြင့်အောင်ကို ဇူလိုင်လ ၃၁ ရက်က ထောင်တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါအမှုတွင် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်က ဖမ်းမိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁x၈၂ လမ်းကြား၊ ၃၃ လမ်းနေ Treasure Hnin Online Shop လုပ်ငန်း လုပ်ကိုင်သူ ဖြူဖြူနှင်းလည်း ပါဝင်ပြီး ယင်းကို အပြီးသတ် အမိန့် မချသေးပေ။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇွန်လ ၂ ရက်က ထုတ်ပြန်ခဲ့ရာတွင် အွန်လိုင်းမှတရားမဝင် ကုန်ပစ္စည်းတင်သွင်း ရောင်းချကာ အကြမ်းဖက် အဖွဲ့များကို ထောက်ပံ့နေသည့် အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် ပူးပေါင်း လုပ်ဆောင်နေသူများကို ဖမ်းမိခဲ့ကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများ (Disloyalty Civil Servant DCS) လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်ရန် Social Media များမှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရကာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း (အဆို တော်)၏ ခိုင်းစေချက်အရ ၎င်းပြည်ပမှ တရားမဝင် တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများကိုအခကြေးငွေဖြင့် ထပ်ဆင့် ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် ချမ်းမြငြိမ်း (ခ) ချမ်းချမ်း ပေးပို့စေလိုသော အကြမ်းဖက် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရသူများဖြစ်ကြောင်း ဖမ်းမိသူများက ထွက်ဆိုခဲ့ကြသည်။
“လက်ရှိမှာတော့ ရန်ကုန်က တစ်ယောက်ကို တစ်သက်တစ်ကျွန်းချတာ ဟုတ်ပါတယ်။မန္တလေးကလည်း အလားတူ ပဲ ဖြစ်လာနိုင်ပါတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်) က Shop Me အမည်ဖြင့် Facebook Page ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလိုင်စင် မရှိဘဲ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နှင့် အင်္ကျီစသော အသုံးအဆောင်ပစ္စည်းများအားအွန်လိုင်းမှတစ်ဆင့် ရောင်းချ၍ ပြည်တွင်းသို့ တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသူ ဖြစ်သည့်အပြင် ရရှိလာသောငွေကြေးများအနက် အချို့အား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အချို့အား အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ အလားတူ NUG/PDF အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့မှုပြုလုပ်နိုင်ရန် လူမှုကွန်ရက်များပေါ်တွင် တရားမဝင် ဈေးရောင်းချနေသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့် ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်း မြမြသော် စသည့် လူမှုကွန်ရက်အ ကောင့်များနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့် ပစ္စည်းများကိုဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်း တစ်ခုခုဖြင့် ကူညီဆောင်ရွက် နေသူများကိုလည်း အကြမ်းဖက် ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
