၂.၈.၂၀၂၅
Written By Thandar
ဟာသသရုပ်ဆောင် လူရွှင်တော် ဦးခင်မောင်မြင့်@ဦးမေတ္တာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့်ကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူခြင်းနဲ့ စတုဒိသာအလှူမင်္ဂလာကို ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကျွန်းတောလမ်းနဲ့ ဇေယျသုခလမ်းရှိ အမှတ် (၁၅၃) နေအိမ်မှာ ကျင်းပခဲ့ပါတယ်။
“အဖေကြီး ကွယ်လွန်တာနဲ့ ပတ်သက်ပြီးတော့ နှစ်စဥ်နှစ်တိုင်း လှူနေကြအတိုင်းလေးပဲ လူ ၅၀၀ စာ ဦးမေတ္တာကြိုက်တဲ့ မုန့်ဟင်းခါးကျွေးဖြစ်ပါတယ်။ ဒီနှစ်ကတော့ ပိုသတိရပြီး ခံစားရတာပေါ့။ လစဥ်လတိုင်း ၂ ရက်နေ့မှာ အလှူလေးတွေ လုပ်ဖြစ်ပါတယ်။ အဖေ့အတွက်ကတော့ ဘာလေးပဲဖြစ်ဖြစ် လှူဖြစ်ပါတယ်။ ဒီနှစ်က ၄ နှစ်ပြည့်ပြီမို့ ပိုသတိရမိပါတယ်။ ကျွန်တော့်ရဲ့ အဖေကိုယ်တိုင်ကလည်း အလှူတွေ သဘောကျနှစ်သက်ကျသူပေါ့ဗျာ။ ဝါတွင်းကာလမို့ ဝါဆိုသင်္ကန်းလေးကပ်တယ်။ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေကိုလည်း ဖိတ်ဖြစ်ပါတယ်။ ဒီကုသိုလ်တွေ အဖေရမယ်လိုhထင်ပါတယ်” လို့ သရုပ်ဆောင်မေတ္တာရဲ့ သားဖြစ်သူ လူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အလှူအခမ်းအနားကိုတော့ လွန်ခဲ့တဲ့ ၃ နှစ်က ကိုဗစ်နဲ့ကွယ်လွန်သွားခဲ့တဲ့ ဦးခင်မောင်မြင့် (ခ) ဦးမေတ္တာကိုရည်စူးပြီးတော့ ကျန်ရစ်သူ မိသားစုတို့က ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ် ၃ပါးအား အာရုံဆွမ်းကပ်ခဲ့ပြီး ဝါဆိုသင်္ကန်းနဲ့ ဆွမ်းအစရှိတဲ့ ဒါတဗ္ဗဝတ္ထု အစုစုတိုကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဒီအလှူပွဲကိုတော့ လူရွှင်တော်အသိုင်းအဝိုင်းက ပွမ်ပွမ်၊ စိစိ၊ သုတ၊ မျောက်ရှုံး၊ ဒိုမီနို စတဲ့သူတွေနဲ့လာရောက်တဲ့ ဆွေမျိုးမိတ် သင်္ဂဟအပေါင်းတိုကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
လူရွှင်တော် ဦးမေတ္တာကတော့ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး နာမည်ရင်းက ခင်မောင်မြင့်လည်းဖြစ်ပါတယ်။ တက္ကသိုလ်အငြိမ့်ကနေ နာမည်ကြီး လူရွှင်တော်ဖြစ်လာရာကနေ “ဆိုကြမယ် ပျော်ကြမယ်” အစီအစဥ်တင်ဆက်ရာကတစ်ဆင့် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
#မေတ္တာ #UMyittar #ကွယ်လွန်ခြင်း၄နှစ်ပြည့်
#မေတ္တာမြင့်မြတ်ဟိန်း #MyitterMyintMyatHein #DawLwinMiMiKo









