၂.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာ့နိုင်ငံတွေအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ကုန်သွယ်ရာမှာ အမေရိကန်ကို သွင်းကုန်တွေအတွက် ကုန်သွယ်စည်းကြပ်ခွန် ရာခိုင်နှုန်းတွေကို သတ်မှတ်ကြေညာခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ကုန်ပစ္စည်းတွေအပေါ်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အများဆုံးဖြစ်တဲ့ ၄၀ ရာ ခိုင်နှုန်းသတ်မှတ်ခဲ့ပါတယ်။ ဒါက ကမ္ဘာ့နိုင်ငံတွေထဲမှာလည်း ၄၁ ရာခိုင်နှုန်းသတ်မှတ်ခံရတဲ့ ဆီးရီးယားနိုင်ငံနဲ့ မြန်မာလိုပဲ ၄၀ ရာခိုင်နှုန်းသတ်မှတ်ခံရတဲ့ လာအိုနိုင်ငံတို့ပဲ မြန်မာနိုင်ငံအထက်မှာရှိစေခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူချုပ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို Bloomberg News သတင်းဌာနက ဩဂုတ်လ ၂ ရက်မှာ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စကို မြန်မာအစိုးရနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲပါပဲ။ ဒါက ညှိနှိုင်းဆွေးနွေးဆဲအဆင့်မှာသာရှိပါသေးတယ်။ ဒါကြောင့် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအတွက် မြန်မာအစိုးရက စိတ်အားတက်ကြွနေဆဲပါ” လို့ ဖြေကြားခဲ့ပါတယ်။
မြန်မာအစိုးရဘက်က အမေရိကန်ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံအတွင်းဝင်ရောက်ရာမှာ ကုန်သွယ်စည်းကြပ်ခွန် ၈၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ သုညရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိလျှော့ချပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး အမေရိကန်အစိုးရဘက်ကလည်း သုညမှ ခုနစ်ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ မျှော်လင့်ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံမှတပ်မတော်ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရအဖွဲ့ဝင်တွေကို ပိတ်ဆို့ မှုတွေပြုလုပ်ထားတာကြောင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး သဘာဝနဲ့ လမ်းကြောင်းကလည်း ရှင်းလင်းမှုမရှိသေးပါဘူး။
ဇူလိုင်လအတွင်းမှာတော့ မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ထံ ထရမ့်ပ်က ရှားရှားပါးပါး ပေးပို့ခဲ့တဲ့စာတို ပြန်ကြားရာမှာ သမ္မတထရမ့်ရဲ့ ခေါင်းဆောင်မှုအပေါ်ချီးကျုးခဲ့ပြီး အမေရိကန်နဲ့ မြန်မာတို့ ကြုံတွေ့ခဲ့ရတဲ့ရွေးကောက်ပွဲမဲမသမာမှုတွေကို နှိုင်းယှဉ်ခဲ့တဲ့အပြင် ခေါင်းဆောင်နှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ မဲအကွက်ဆင်ဖန်တီးမှုတွေရဲ့ ဓားစာခံတွေဖြစ်ခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။ ဒါ့ပြင် သူက ကုန်သွယ်စည်းကြပ်ခွန်နှုန်းထား လျှော့ချဖို့ တောင်းဆိုခဲ့ပြီး ဝါရှင်တန်ကို အဆင့်မြင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။
မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှုက ဒေသတွင်းရှိ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်နည်းပါးပါတယ်။ နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၅ ခုနှစ် မတ်လမှာကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းရှိပြီး ဒီအရင်နှစ်က ကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းထက် ကျဆင်းခဲ့ပါတယ်။ အမေရိကန်ဘက်က ကုန်သွယ်မှုလိုငွေဆက်လက်ရှိနေခဲ့တယ်လို့လည်း အစိုးရ အချက်အလက်တွေအရ သိရပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်ကျော်က တပ်မတော် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ စီးပွားရေးကျဆင်းလာပြီး ပြည်တွင်းမှာစစ်ပွဲတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ကာလရှည်ကြာ ကတိပြုထားတဲ့ အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာကျင်းပဖို့ အစိုးရက ၅၄ လကြာ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါက နိုင်ငံအများအပြားက ယူဆထားသလို ရွေးကောက်ပွဲက အတုအယောင်မဟုတ်ဘူးလို့ ပြခဲ့တာပါပဲ။
Ref- Bangkok Post
