၂. ၈. ၂၀၂၅
Translated by Thettant
နိုင်ဂျီးရီးယားကာကွယ်ရေးဌာနချုပ် (DHQ) က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများနှင့် အခြားရာဇဝတ်ဂိုဏ်းများကို ရှင်းလင်းရန် တိုက်ပွဲဝင်နေသော စစ်သည်များက အနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ အလိုရှိဆုံးနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော အကြမ်းဖက်ခေါင်းဆောင် ၅ ဦးဖြစ်သည့် အမီဒွန်ကီ (Amir Dunkei)၊ ကာချာလာ နာဂိုမာ (Kachalla Nagomma)၊ ဂါမူ (Gurmu)၊ အလီယာ ဒါရီဘီယာ (Ali Yar Daribiyar) နှင့် ယယ်လိုဒမ်ဘိုကိုလို (Yello Dambokolo) တို့ကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ရေးမီဒီယာစစ်ဆင်ရေး (DMO) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Markus Kangye ၏ ပြောကြားချက်အရ စစ်တပ်ကစောင့်ကြည့်စာရင်းတွင် ပါဝင်သည့် အခြားနာမည်ဆိုးဖြင့် ကျော်ကြားသော သေနတ်မှောင်ခိုသမားများနှင့် ပြန်ပေးသမားအချို့ကိုလည်း ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။
ထိုသူများမှာ ယာကူဘူ ဂျူဘရီ (Yakubu Jubril)၊ အဘူဘာကာ ယာဟာယာ (Abubakar Yahaya)၊ အီစီယာ ဆာနီ (Isiya Sani)၊ ဟာရူနာ အဗ္ဗဒူလာဟီ အလီအဗ္ဗာ (Haruna Abdullahi Ali Abba)၊ မလ်လမ် အာမီနူ အီဒရစ် (Mallam Aminu Idris)၊ မိုဟာမက် ဟာမီဆူ (Mohammed Hamisu) (ခေါ် မာမီယို (Mamiyo) သို့မဟုတ် အရာရှိ မိုဟာမက် (Officer Mohammed))၊ ရှူအိုင်ဘူ ဘူလာမာ (Shuaibu Bulama) နှင့် အီဆာ အဗ္ဗဒူလာဟီ (Isah Abdullahi) နှင့် အဗ္ဗဒူလာဟီ မိုဟာမက် (Abdullahi Mohammed) တို့ဖြစ်သည်။
“ချေမှုန်းခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကြမ်းဖက်သမားတွေထဲမှာ မကောင်းဆိုးဝါးဂိုဏ်းဝင် ပရင့်စ် ဂျပ်စတင် အီရှီမီရီ (Prince Justin Ishimiri) နဲ့ အစွန်းရောက်ခေါင်းဆောင် လီယာဒူး ဒေါက်ဂလပ် အဒီပီ (Liamdoo Douglas Adekpe) ခေါ် ဘာဂျော် (Bajor)) တို့ ပါဝင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ယခုနှစ် ဇူလိုင်လအတွင်း စစ်သည်များသည် ပြည်နယ်အသီးသီးရှိ စစ်ဆင်ရေးစီမံချက်များတွင် အကြမ်းဖက်သမား အများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး အကြမ်းဖက်သမား၊ ပြန်ပေးသမားနှင့် အခြားရာဇဝတ်ဂိုဏ်းဝင် ၅၇၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း DMO က ပြောကြားခဲ့သည်။
ထို့အတူ ဗိုလ်ချုပ် Kangye က နိုင်ဂျီးရီးယားစစ်သည်များက ပြန်ပေးဆွဲခံရသူ ၁၃၄ ဦးခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အကြမ်းဖက်ခေါင်းဆောင် အစ်ဗ်အလီ (Ibn Ali) အပြင် အကြမ်းဖက်သမား ၁၅၁ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များက စစ်သည်များထံ လက်နက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားစစ်သည်များက “Operation Delta Safe” စစ်ဆင်ရေးအတွင်း နိုင်ယာငွေ ၁ ဒသမ ၃ ဘီလျံ (N1,312,575,085) ကျော် တန်ဖိုးရှိ ရေနံခိုးယူမှုကို တားဆီးနိုင်ခဲ့သည်။ ယင်းအပြင် ခိုးယူထားသော ရေနံစိမ်း ၉၇၄,၉၇၆ လီတာ၊ တရားမဝင် သန့်စင်ထားသော AGO (မော်တော်ယာဉ်သုံး ဒီဇယ်ဆီ) ၂၆၉,၂၅၇ လီတာ၊ DKP (ရေနံဆီ) ၁,၇၅၉ လီတာနှင့် PMS (ဓာတ်ဆီ) ၃,၄၄၇ လီတာတို့ ပါဝင်သည်။ ထို့အပြင် စစ်သည်များက ရေနံစိမ်းချက်သည့် မီးဖို ၁၂၆ ခု၊ တူးထားသောတွင်း ၁၀၇ ခု၊ လှေ ၃၉ စီး၊ သိုလှောင်ကန် ၈၃ ခု၊ စည် ၈၈ ခု၊ ယာဉ် ၃၅ စီးနှင့် တရားမဝင် ရေနံချက်စက်ရုံ ၇၃ ခုတို့ကို တွေ့ရှိပြီး ဖျက်ဆီးခဲ့သည်။ အဆိုပါ စစ်ဆင်ရေးမှ ရေနံသူခိုး ၂၈၅ ဦးနှင့် အခြားရာဇဝတ်သမားများကို ဖမ်းဆီးခဲ့သလို လက်နက်ခဲယမ်း အမျိုးမျိုးနှင့် ပေါက်ကွဲပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိခဲ့သော အခြားပစ္စည်းများတွင် ရေစုပ်စက်များ၊ တူးဖော်စက်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များ၊ လက်ကိုင်ဖုန်းများနှင့် ယာဉ် ၃ စီးတို့ ပါဝင်သည်။
“ထိုးစစ်ဆင်နွှဲနေချိန်မှာ စစ်သည်တွေက Delta ပြည်နယ်က Oshimili North, Sapele, Ughelli South, Ndokwa East နဲ့ Uvwie ဒေသတွေအပြင် Rivers ပြည်နယ်က Ahoada West ဒေသတွေမှာ ရေနံသူခိုး ၁၈ ဦး၊ IPOB/ESN အဖွဲ့ဝင်တွေ၊ ရာဇဝတ်သမားတွေ၊ ဂိုဏ်းဝင်တွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံက ပြုလုပ်ခဲ့သည့် Operation Hadin Kai စစ်သည်များသည် Borno ပြည်နယ်ရှိ Marte, Bama, Konduga, Kaga, Gwoza နှင့် Guzamala ဒေသများရှိ Marte, Bula Daburu, Alau Dam, Limankara, Bitta, Kawuri နှင့် Monguno ကျေးရွာများအပြင် Adamawa ပြည်နယ်ရှိ Madagali ဒေသရှိ Mildo ကျေးရွာတို့တွင် ဘိုကိုဟာရမ် (Boko Haram) နှင့် ISWAP အကြမ်းဖက်သမားများကို စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ ထိုစစ်ဆင်ရေးမှ အကြမ်းဖက်သမား အများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး ၈ ဦးကို ဖမ်းဆီးကာ ပြန်ပေးဆွဲခံရသူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ နှင့် ၂၇ ရက်တို့တွင် စစ်သည်များသည် Yobe နှင့် Borno ပြည်နယ်များရှိ Gujba နှင့် Bama ဒေသများရှိ ၎င်းတို့၏ အခြေစိုက်စခန်းများအနီး ISWAP အကြမ်းဖက်သမား ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့အနက်မှ နိုက်ဂျာသမ္မတနိုင်ငံမှ ဖြစ်သည်ဟု ယူဆရသော အကြမ်းဖက်သမားတစ်ဦးသည် အင်္ဂလိပ်၊ ဟာအူဆာ (Hausa) သို့မဟုတ် ကန်နူရီ (Kanuri) ဘာသာစကားများကို ပြောဆိုဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။ အလားတူ စစ်သည်များသည် Borno ပြည်နယ်ရှိ Ngala, Chibok, Monguno, Damboa, Biu နှင့် Bama ဒေသများအပြင် Yobe ပြည်နယ်ရှိ Gujba နှင့် Damaturu ဒေသများတွင် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ ရင်ဆိုင်တိုက်ပွဲများအတွင်း အကြမ်းဖက်သမားများနှင့် ပူးပေါင်းကြံစည်သည်ဟု သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့သည် မိုင်း (IEDs) အချို့ကိုလည်း ပြန်လည်ရရှိပြီး ဘေးကင်းစွာ ဖျက်ဆီးခဲ့ကာ နိုင်ရာငွေ တစ်သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ Operation Fasan Yamma မှ စစ်သည်များသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း Zamfara ပြည်နယ်ရှိ Anka, Bakura, Maradun နှင့် Tsafe ဒေသများအပြင် Katsina ပြည်နယ်ရှိ Sabuwa နှင့် Faskari ဒေသများတွင် အကြမ်းဖက်လှုပ်ရှားမှုများအကြောင်း သတင်းများရရှိသဖြင့် တုံ့ပြန်ခဲ့သည်။ ၎င်းတို့သည် Kebbi ပြည်နယ်ရှိ Arewa ဒေသတွင်လည်း စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ ဤစစ်ဆင်ရေးများအတွင်း အကြမ်းဖက်သမားအချို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ၉ ဦးကို ဖမ်းဆီးကာ ပြန်ပေးဆွဲခံရသူ ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ဆက်စပ်၍ စစ်သည်များသည် ထိုးစစ်ဆင်နွှဲနေစဉ်အတွင်း Sokoto နှင့် Kebbi ပြည်နယ်များရှိ Sabon Birni နှင့် Argungu ဒေသများတွင် အကြမ်းဖက်သမား ၄ ဦးကို ချေမှုန်းနိုင်ခဲ့ပြီး ပြန်ပေးဆွဲခံရသူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။
ယင်းအပြင် Operation Safe Haven မှ စစ်သည်များသည် Plateau ပြည်နယ်ရှိ Wase, Riyom, Jos North, Bassa, Jos East, Bokkos နှင့် Mangu ဒေသများအပြင် Kaduna ပြည်နယ်ရှိ Kaura နှင့် Sanga ဒေသများတွင် အကြမ်းဖက်လှုပ်ရှားမှုများအပေါ် အရေးပေါ်ဖုန်းခေါ်ဆိုမှုများကို တုံ့ပြန်ပြီး ထိုးစစ်ဆင်နွှဲခဲ့သည်။ ဤစစ်ဆင်ရေးများ ဆောင်ရွက်နေစဉ်တွင် ၎င်းတို့သည် အစွန်းရောက်သမားများနှင့် ထိတွေ့တိုက်ခိုက်ခဲ့ပြီး အချို့ကို ချေမှုန်းကာ ရာဇဝတ်သမား ၃ ဦးကို ဖမ်းဆီးကာ ပြန်ပေးဆွဲခံရသူ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ လက်နက်များ၊ ခဲယမ်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်အချို့ကို ၎င်းတို့ထံမှ သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း စစ်သည်များသည် Plateau နှင့် Bauchi ပြည်နယ်များရှိ Barkin Ladi, Mangu နှင့် Tafawa Balewa ဒေသများတွင် အလိုရှိဆုံး အစွန်းရောက်သမား ဒါယာဘူ အီဒရစ် (Dayabu Idris) နှင့် အခြားသံသယရှိသူ အစွန်းရောက်သမား ၄ ဦးကို ဖမ်းဆီးခဲ့သည်။
အလားတူ Operation Whirl Stroke မှ စစ်သည်များသည် Benue ပြည်နယ်ရှိ Guma နှင့် Katsina-Ala ဒေသများ၏ Akure, Ako Ivaan, Iorkyol, Ugbaba, Agber, Tse ilim နှင့် Gbesi အထွေထွေဒေသများတွင် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် Kogi ပြည်နယ်ရှိ Lokoja နှင့် Kabba Bunu ဒေသများအပြင် FCT (Federal Capital Territory) ၏ AMAC နှင့် Niger ပြည်နယ်ရှိ Suleija ဒေသတို့တွင်လည်း စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ စစ်ဆင်ရေးများအတွင်း စစ်သည်များသည် အကြမ်းဖက်သမားအချို့ကို ချေမှုန်းနိုင်ခဲ့ပြီး ၁၃ ဦးကို ဖမ်းဆီးကာ ပြန်ပေးဆွဲခံရသူ ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းတို့သည် လက်နက်ခဲယမ်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ ၂၆ ရက်အတွင်း ရဲရင့်သော စစ်သည်များသည် Taraba နှင့် Nasarawa ပြည်နယ်များရှိ Jalingo နှင့် Nasarawa ဒေသများတွင် ရာဇဝတ်သမား ၄ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ထံမှ သိမ်းဆည်းရမိသော လက်နက်များ၊ ခဲယမ်းများနှင့် အခြားပစ္စည်းများကို စစ်သည်များက ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။
အခြားသော စစ်ဆင်ရေးတစ်ခုဖြစ်သည့် Operation Udoka မှ စစ်သည်များသည်လည်း Enugu ပြည်နယ်ရှိ Nkanu West ဒေသတွင် IPOB/ESN အဖွဲ့ဝင်ဟု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ချေမှုန်းခဲ့သည်။ အခြားရာဇဝတ်သမား ၆ ဦးကို Enugu ပြည်နယ်ရှိ Igbo Exe North ဒေသအပြင် Imo နှင့် Cross River ပြည်နယ်များရှိ Ideator North, Okigwe နှင့် Calabar South ဒေသများတွင် တွေ့ဆုံတိုက်ခိုက်မှုများအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်းတို့ထံမှ သိမ်းဆည်းရမိသော လက်နက်များနှင့် ပစ္စည်းများကို စစ်သည်များက ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။
ဗိုလ်ချုပ် Kangye က “ကျွန်တော်တို့ ဆောင်ရွက်တဲ့ စစ်ဆင်ရေးတိုင်းဟာ အမျိုးသားလုံခြုံရေး၊ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကျွန်တော်တို့ ကျင့်သုံးရမယ်လို့ ကတိပြုထားတဲ့ အခြေခံမူတွေအပေါ် အမြဲအလေးထား ဆောင်ရွက်ပါတယ်” ဟု အလေးပေး ပြောကြားခဲ့သလို “ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေဟာ လက်ရှိနဲ့ ပေါ်ပေါက်လာမယ့် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အမြဲတမ်း သတိ၊ အသင့်အနေအထားနဲ့ ပြတ်သားစွာ ရပ်တည်နေပါတယ်။ ကျွန်တော်တို့ရဲ့ မစ်ရှင်ကို စည်းကမ်း၊ ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်နေချိန်မှာ ဆက်လက်ပံ့ပိုးကူညီမှုနဲ့ နားလည်ပေးမှုအတွက် ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref , Vanguard


